Wednesday, May 28, 2014

အာမိုးနီးယားဓါတ်ငွေ့အိုးပေါက်ကွဲရာ ကလေးငယ်နှစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရ

Mizzima

ရေခဲစက်ရုံအတွင်း အသုံးပြုသည့် အာမိုးနီးယားဓါတ်ငွေ့ (စပယ်ယာအိုး)ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၇ရက်၊ နံနက် ၁၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု လှိုင်မြို့နယ်ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက မဇ္ဈိမကိုပြောသည်။

လှိုင်မြို့နယ်၊ ၇ ရပ်ကွက်အတွင်းရှိ 'လင်း'ရေခဲစက်ရုံမှ ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အသက် ၄ဝကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့ပြီး စက်ရုံဝန်ထမ်းမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

"ပေါက်ကွဲမှုဘယ်လိုဖြစ်ခဲ့တယ် ဆိုတာတော့ ကျွန်တော်တို့ စစ်ဆေးနေတုန်းပါ။ ဓါတ်ငွေ့အိုးပေါက်တဲ့အချိန်မှာ အဲဒီဓါတ်ငွေ့တွေကို ရှူမိတဲ့သူ လေးယောက်ကတော့ မေ့သွားကြတယ်။ စက်မောင်းတဲ့ ကောင်လေးကတော့ မျက်နှာနဲ့ခါးမှာဒဏ်ရာ ရသွားတယ်"ဟု ရဲဝန်ထမ်းက ဆိုသည်။

ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် စက်ရုံခေါင်းမိုးသွပ်ပြားတစ်ချပ် ပွင့်ထွက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာများအဖြစ် ဆေးကုသမှု ခံယူနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး 'လင်း' ရေခဲစက်တာဝန်ခံ ဦးအုန်းဌေးကို အရေးယူပေးပါရန် ဒု-ရဲအုပ်ဖြိုးဝေသိန်း၏ တရားလိုပြုတိုင်တန်းမှုကို လှိုင်မြို့နယ်ရဲစခန်းက (ပ) ၂၉၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိသည်။

No comments: