Friday, May 30, 2014

မကွေး အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသွား အာမခံထားရေး အာမခံကုမ္ပဏီများ စည်းရုံး

ဝိုင်းအောင်

အဝေးပြေး ယာဉ်လိုင်းများတွင် ခရီးသွားအာမခံများ ထားရှိနိုင်ရန် မကွေးမြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး(ယကက)ထံ အာမခံကုမ္ပဏီများက လာရောက် ဆွေးနွေးမှုများ ရှိသည်ဟု မေလ ၂၇ ရက်က ကျင်းပသည့် ဂလိုဘယ်ဝေါ(လ်) ကုမ္ပဏီ၏ အာမခံဆိုင်ရာ ဆွေးနွေးပွဲတွင် ယကက အဖွဲ့ဝင်များကပြောသည်။

လက်ရှိတွင် မကွေးအဝေးပြေးယာဉ်လိုင်းများသို့ ဂလိုဘယ်ဝေါ(လ်)အာမခံ ကုမ္ပဏီ အပြင် အခြားကုမ္ပဏီ သုံးခုလည်း လာရောက် စည်းရုံးဆွေးနွေးထားပြီး အခြား ကုမ္ပဏီများလည်း ဆက်တိုက် ဆွေးနွေးမှုများ ရှိမည်ဟု မကွေးတိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ဥက္ကဋ္ဌကပြောသည်။

ဂလိုဘယ်ဝေါ(လ်)အာမခံကုမ္ပဏီ မကွေးတာဝန်ခံ ဒါရိုက်တာဦးစိုးသန်းဝင်းက “ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ရန်ကုန်မြို့မှာ အေးချစ်မြိုင်ကားဂိတ်နဲ့ စာချုပ်ပြီးခဲ့ပါပြီ။ စာချုပ်သက်တမ်းက သုံးလမှ တစ်နှစ်အထိ မိမိတို့ကြိုက်သလို ကာလသတ်မှတ်နိုင်ပါတယ်။ အာမခံကုမ္ပဏီကို မကြိုက်တဲ့ အချိန် စာချုပ်ရပ်နားနိုင်ပါတယ်” ဟု ပြောသည်။

မိုင်တစ်ရာအထက် ပြေးဆွဲသော မော်တော်ယာဉ်လိုင်းများတွင် ခရီးသည်တစ်ဦးလျှင် အာမခံကြေးငွေ သုံးရာကျပ်ကို မိမိတို့ဆန္ဒအရ ကားခအပြင် ပေးဆောင်ဝယ်ယူနိုင်ပြီး အာမခံကြေး ကောက်ခံပေးသော ကားဂိတ်များကို အာမခံကုမ္ပဏီများမှ ၁ဝ ရာခိုင်နှုန်း ဝန်ဆောင်ခပေးမည်ဖြစ်သည်။

အာမခံကြေး ငွေသုံးရာကျပ် ပေးဆောင်ထားသူများသည် လမ်းခရီ၌ ဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့လျှင် ငွေကျပ် သိန်းသုံးဆယ်နှင့် ထိခိုက်ဒဏ်ရာရှိလျှင် ဆရာဝန်၏ မှတ်ချက်အရ ထိခိုက်မှု ရာခိုင်နှုန်းအလိုက်ပေး၍ အမြင့်ဆုံးငွေကျပ်နှစ်ဆယ့်လေးသိန်းရရှိမည် ဖြစ်သည်။

No comments: