Saturday, May 31, 2014

ဘကကျောင်းများကို အလယ်တန်း၊ အထက်တန်း အဆင့်သို့ တိုးမြှင့်ရန် မူအရ ကြန့်ကြာနေဟု သာသနာရေးဝန်ကြီးပြော

ဂျွန်ချစ်ငြိမ်း

မန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို မူလွန်အဆင့်မှ အလယ်တန်း၊ အထက်တန်းအဆင့်သို့ တိုးမြှင့်ခွင့်ပြုရန် ကြန့်ကြာနေခြင်းသည် ယခင် မူဝါဒများနှင့် ညိစွန်းနေခြင်းကြောင့် ဖြစ်သည်ဟု သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မေလ ၂၉ရက်က ပြောဆိုလိုက်သည်။

ဝန်ကြီးက ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတတပ်ဦး ကျောင်း၌ ကျင်းပသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များ၏ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ဆရာတော်များအား လျောက်ထားခဲ့ခြင်းဖြစ်သည်။

"ကျောင်းဆောင်လည်း ပေးစရာမလိုဘူး၊ ဆရာဆရာမလည်း အစိုးရက ထောက်ပံ့ပေးစရာမလိုဘူး၊ ကျောင်းဆောက်ပေးဖို့လည်းမလိုဘူး၊ ဒါကို ကြန့်ကြာနေတာက ယခင် မူဝါဒနဲ့ညိစွန်းနေတာတွေ ကြောင့်ဖြစ်တယ်" ဟု သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များအား လျှောက်ထားသည်။

မူဝါဒနှင့် ညိစွန်းနေသေးသည့်အတွက်ဟု ဝန်ကြီးက ပြောဆိုသော်လည်း မည်သည့်မူဝါဒ နှင့်ညှိစွန်းနေသည်ကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိပေ။

ကျောက်ပန်းတောင်းမြို့၊ ရွှေနဒီ ပရဟိတကျောင်းမှ လက်ထောက်ကျောင်းအုပ် ဆရာတော် ဦးယုဇနက "ဘက ကျောင်းတွေမှာ အထူးသဖြင့် ပိုက်ဆံ မတတ်နိုင်တဲ့ တောသူတောင်သား ကျောင်းသူ၊ ကျောင်းသားများပါတယ်၊ သူတို့ရဲ့ ပညာရေးကို အဓိကထား ကူညီပေးနေတယ်၊ ကျေးရွာတွေမှာ ပိုက်ဆံတတ်နိုင်တဲ့ ကျောင်းသားတွေက မြို့ပေါ်အထက်တန်းကျောင်းကို သွားတက်ပြီး သင်ကြားလို့ရပေမယ့် နိုင်ငံတော်က ဘက ကျောင်းတွေကို အလယ်တန်း ၊အထက်တန်း သင်ကြားခွင့်မပေးတဲ့ အခါကျတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို မကူညီပေးနိုင်တာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်" ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဝန်ကြီးဦးဆန်းဆင့်ကလည်း ယင်းသို့ မူဝါဒပိုင်းနှင့် ညိစွန်းနေမှုကို လွှတ်တော်အထိ တင်ပြသွားမည်ဖြစ်ပြီး အလယ်တန်း အဆင့်မှ အထက်တန်းအဆင့်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဆောင်ရွက်နိုင်ရန် ကူညီပေးသွားမည်ဟု ဆိုသည်။

"တပည့်တော်တို့ သာသနာရေး ဝန်ကြီးဌာန အနေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို မူလတန်း အဆင့်ထိ ခွင့်ပြုနိုင်ပြီးတော့ စည်းကမ်းနဲ့ ညီရင် မူလွန်အထိ ခွင့်ပြုပေးနေပါတယ်၊ မူလွန်အထက် တိုးမြှင့်ဖို့ဆိုရင် ပညာရေးဝန်ကြီးဌာနက ထောက်ခံမှ ရရှိမှာ ဖြစ်ပါတယ်" ဟု သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် မူလွန်အဆင့်မှ တက်ကာ အထက်တန်းအထိ မြှင့်တင်ရန် နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများက လက်မှတ်ရေးထိုးကာ ၂ဝ၁၃ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင်တစ်ကြိမ် တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးဟု ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဝင်၊ နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့ဝင် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တစိန္တိတာ လကာင်္ရက မိန့်ကြားသည်။

လက်ရှိတွင် အထက်တန်း အဆင့် သင်ကြားနိုင်ရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်း (၃၅) ကျောင်းအထိ တိုးခွင့်ပြုရန် ပညာရေးဝန်ကြီးဌာန နှင့် ဆွေးနွေးထား သော်လည်း ယနေ့အချိန်အထိ အကောင်ထည် ပေါ်လာခြင်း မရှိဟုလည်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ပြောသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၁၅၉၇)ကျောင်း၊ ဆရာ၊ ဆရာမ (၆၈၂ဝ) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၆၉၂၆၇) ဦးအထိ ရှိသည် ဟုလည်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ကဆိုသည်။

No comments: