Saturday, May 31, 2014

ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် ယာဉ်တစ်စီး အဝေးပြေးလမ်းတွင် ဖမ်းမိ

ဖြိုးဝေလင်း

ရန်ကုန်-ပြည် အဝေးပြေးလမ်းမပေါ်တွင် ကျွန်းသစ်ခွဲသား အချောင်း ၃၀၀ ခန့်တင်ဆောင်လာသည့် ယာဉ်ကို မေ ၂၅ ရက်၊ နံနက် ၄ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း စစ်ဆေးတွေ့ရှိသဖြင့် သစ်တောဥပဒေဖြင့် အရေးယူထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် MAZDA CAPELLA အဖြူရောင် ကားပေါ်တွင် ကျွန်း သစ်ခွဲသား ၂၈၃ ချောင်း (ကျပ်တစ်သိန်းခွဲကျော်)တန်ဖိုးရှိသည့် သစ်များကို တရားမ၀င်သယ်ဆောင်လာ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်းသစ်အပိုင်းအစများကို သယ်ဆောင်လာသည့် ကိုအောင်စိုးမင်းနှင့် ကိုမျိုးချစ်အပေါ် အရေးယူပေးပါရန် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မြ၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက (ပ)၁၈၄/၂၀၁၄၊ သစ်တောဥပဒေ ပုဒ်မ ၄၃(က) ဖြင့် အရေးယူထားပြီး စစ်ဆေးလျက်ရှိသည်။

ပြီးခဲ့သည့် မေ၂၀ရက်က မှော်ဘီမြို့နယ်အတွင်း တရားမ၀င်ကျွန်းသစ် အပိုင်းအစ ၆၀၀ကျော် တင်ဆောင် လာသည့် ယာဉ်သည် မှော်ဘီမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

ယခုလ ပထမပတ်အတွင်းကလည်း တိုက်ကြီးမြို့နယ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် မြောက်လှိုင်သစ်တောကြိုးဝိုင်း အတွင်းရှိခြံအမှတ် (၉)နှင့်(၁၀)မှ လေးနှစ် သား အရွယ် ယူကလစ်ပင် ၁၅၀ ကို ခုတ်လှဲခိုးယူသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

No comments: