Saturday, May 31, 2014

ပြည်မြို့တွင် အနှေးယာဉ်လုပ်သားများ ဆိုက်ကားနင်း၍ ဆန္ဒပြ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်မြို့တွင် ဆိုင်ကယ်လိုင်စင်ဝင်ပါက လိုင်စင်စာအုပ်နှင့် ဆိုက်ကားပါလျှင် ဝင်ခွင့်ပေးရန် ပြည်မြို့ရှိ အနှေးယာဉ်လုပ်သား ၅ဝကျော်က ဆိုက်ကား အစီး ၃ဝဖြင့် မေလ၂၉ ရက် နံနက် ၉နာရီက စတင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

"ဆိုက္ကားတစ်စီးပါမယ် လိုင်စင်စာအုပ်ပါမယ်ဆိုရင် ဘာမှအချိန်ဝေ့မနေနဲ့ လိုင်စင်ဝင်ခွင့်ပေးလိုက်ပါ။ အမြန်ယာဉ်မဟုတ်ဘူး။ လူက ခြေနဲ့နင်းလို့သွားရတဲ့ အရာဝတ္တုက ဘာမှလိုင်စင်မလိုဘူး" ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်ကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည်"အနှေးယာဉ်များ လိုင်စင်သက်တမ်း တိုးမြှင့်ရာတွင် လွယ်ကူရေး ဒို့အရေး" "တရားဥပဒေ ချိုးဖောက်နေသော စည်ပင်သာယာအား အရေးယူပေးရေး ဒို့အရေး" "တရားဥပဒေစိုးမိုးရေး ဒို့အရေး" ဟူ၍ ကြွေးကြော်ခဲ့သည်။

ယင်းအပြင် "လမ်းဘေး နေသူများကို စည်ပင်သာယာက အမှိုက်ကားဖြင့် စွန့်ပစ်နေမှုအား ဖော်ထုတ်အရေးယူပေးရန်" နှင့် "လမ်းဘေးဆိုင်များကို စည်ပင်သာယာက တရားရုံးတင် အရေးယူမှုအား ဆက်လက်မပြုလုပ်ရန်" လည်း တောင်းဆိုခဲ့သည်။

"လမ်းဘေးကလေးတွေ ကိုယ်ဝန်ဆောင်တွေကို အိပ်ပျော်နေတုန်း အမှိုက်ကားပေါ်တင်ပြီး ရခိုင်ပြည်နယ် တောနက်ထဲကိုပို့ပစ်တယ်။ အခုတစ်နှစ်ခွဲရှိပြီ အစိုးရက အရေးမယူဘူး။ လမ်းဘေး ကွမ်းယာဆိုင်လေးတွေ မရှိလို့ ရောင်းပါတယ်။ စည်ပင်သာယာ ဥပဒေအရဆိုပြီး တရားရုံးတင်တယ်။ အဲဒါမျိုးတွေ မလုပ်သင့်ဘူးဗျ" ဟု ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်ရန် မြို့နယ်ရဲတပ်ဖွဲမှူးရုံးသို့ တရားဝင်ခွင့်ပြုချက် တောင်းခံသော်လည်း ခွင့်ပြုချက်မရခဲ့ဟု သိရသည်။

No comments: