Saturday, May 31, 2014

အင်းမစစ်တပ်တွင် အပူလွန်ကဲသည်ဟု ယူဆရပြီး ဗုံးသီးဟောင်းများပေါက်ကွဲ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ခလရ (၈ဝ) အင်းမစစ်တပ်တွင် မေ ၂၈ ရက်က အပူရှိန်လွန်ကဲပြီး ဗုံးသီးဟောင်းများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူတပ်မတော်သား တစ်ဦးက မဇ္ဈိမကို မေ ၂၉ ရက်တွင် ပြောသည်။

နေ့လည် (၃)နာရီခွဲ အချိန်က ခလရ (၈ဝ)စစ်တပ်၏ တောင်ဘက်ပိုင်း အင်တိုင်းတော အတွင်းရှိလူမနေသည့် အရာရှိအိမ်ရာ အဟောင်း အတွင်း သိမ်းဆည်းထားသော ဗုံးသီးအဟောင်းများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဗုံးသီးပေါက်ကွဲမီးလောင်မှုကြောင့် သွပ်မိုး အုပ်ကာ အဆောက်အဦးတစ်လုံး မီးလောင်ခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုမရှိဟု အဆိုပါ စစ်သားက ဆိုသည်။

မီးလောင်သည့်နေရာသို့ ရောက်ရှိနေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “လူမနေတဲ့အိမ်လေးတွေ နည်းနည်းပါသွားတာပါ။ ငြိမ်းသွားပါပြီ” ဟုပြောသည်။

မီးလောင်သည့်နေရာသို့ သဲကုန်း၊ ပြည်၊ အင်းမ ရွှေတောင် မီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင် (၃ဝ)ကျော်လာရောက်ပြီး နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရသည်။ မီးကြွင်းမီးကျန်များကို ထပ်မံရှင်းလင်းနေရသဖြင့် ညနေ(၅)နာရီအချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

No comments: