Friday, May 30, 2014

မောင်တောတွင် ပြည်သူ့စစ်များကို စာရင်းကောက်

ကေဇူး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် (နစက) လက်ထက်က ပြည်သူ့စစ်များဖွဲ့စည်းခဲ့ဖူးသည့် ကျေးရွာများကို ယခု အပတ်အတွင်း စာရင်းကောက်ယူလျက်ရှိသည်ဟု မောင်တောရဲစခန်းမှ ဒု-ရဲအုပ် တိုးတိုးက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း နယ်စပ်ခြံစည်းရိုးအစပ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံများက ပြည်သူ့စစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုအရ စာရင်းများပြန်လည် ကောက်ယူခြင်းဟု ဒု-ရဲအုပ်က ဆိုသည်။“ အခုက အရင်ဖွဲ့ခဲ့ဖူးတဲ့ရွာတွေကို စာရင်း ကောက်တာ လောက်ပဲရှိပါတယ်” ဟု ဒု-ရဲအုပ်တိုးတိုး က ပြောသည်။

မောင်တောမြို့နယ် မြောက်ဘက်ရှိ တိုင်းရင်းသားကျေးရွာများကို အဓိကကောက်ယူလျက်ရှိပြီးလတ်တလာ တွင် ကောက်ယူထားမှုမှာ ကျေးရွာ ၁၀ ရွာ ကျော်သာရှိသေးသည်ဟုဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်ကမူ “လုံခြုံရေး ၀န်ကြီးကို ညွှန်ကြားချက် ရှိ မရှိ တော့ မသိဘူး။ ပြည်နယ်အစိုးရအနေနဲ့တော့ ညွှန်ကြားတာမရှိသေးဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဒေသခံများသည် ၂၀၁၃၊ အောက်တိုဘာအတွင်းက သမ္မတ ဦးသိန်းစိန်၏ ရခိုင်ခရီးစဉ်တွင် ပြည်သူ့စစ် များဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။

No comments: