Saturday, May 31, 2014

စည်းကမ်းမဲ့ ရပ်နားသောယာဉ်များ အရေးယူမှု တစ်လလျှင် အစီးရေ ၁,၃၀၀ ခန့်ရှိ

ကျော်စိုးမိုး

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကို ကရိန်းဖြင့် ဆွဲယူသည့်စနစ် စတင်ခဲ့သည့် ၂၀၁၃ နိုဝင်ဘာမှ ၂၀၁၄ မေ ၂၂ရက်နေ့အထိ ခြောက်လကျော်ကာလအတွင်း တစ်လလျှင် ယာဉ်အစီးရေပျမ်းမျှ ၁,၃၀၀ ကျော် အရေးယူခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန် ယာဉ်မရပ်ရ လမ်းများသတ်မှတ်ကာ ယင်း လမ်းပေါ်တွင် ရပ်နားသောယာဉ်များကို ကရိန်းဖြင့် အရေးယူခဲ့ရာ ခြောက်လ ကျော်ကာလအတွင်း ယာဉ် အစီးပေါင်း ၈,၃၇၅ စီး အရေးယူနိုင်ခဲ့သည်။

“နေ့စဉ်ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် စည်းကမ်းမဲ့ ရပ်နားတာတွေကရှိနေတုန်းပါပဲ။ အခုလည်း ယာဉ် မရပ်ရလမ်းတွေကို ထပ်မံတိုးချဲ့ထားပြီး ဖမ်းဆီးအရေးယူမှုတွေကို နေ့စဉ် ဆောင်ရွက်သွားမှာပါ” ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ရဲအုပ် လှကျော်ဦးက ပြောသည်။

စည်းကမ်းမဲ့ရပ်နားသော ယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၃ အရ ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့်ဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်သည်။

ယာဉ်မရပ်ရလမ်းများကိုလည်း စတင်ဖမ်းဆီးသည့် ၂၀၁၃ နိုဝင်ဘာလက ၃၇ လမ်းသာ သတ်မှတ်ထား ပြီး၊ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၄ ဇန်န၀ါရီတွင် တစ်ကြိမ်၊ မေလတွင် တစ်ကြိမ် ထပ်မံတိုးမြှင့်ခဲ့သော ကြောင့် လက်ရှိတွင် ယာဉ်မရပ်ရလမ်းများမှာ စုစုပေါင်း ၇၇ လမ်းသို့ ရောက်ရှိနေသည်။

No comments: