Saturday, May 31, 2014

ရက် ၅၀ အတွင်း အကောက်ခွန်မဲ့ ပစ္စည်းအမျိုးမျိုး ဖမ်းဆီးရရှိမှု ကျပ် သန်း ၅၅၀ ကျော်ရှိ

စည်သူအောင်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မေလ ၂၀ရက်အထိ ရက်ပေါင်း ၅၀အတွင်း အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီးရရှိမှု ကျပ်သန်း ၅၅၀ ကျော်ရှိသည်ဟု အကောက်ခွန်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဧပြီလအတွင်း အကောက်ခွန်မဲ့ပစ်္စည်းဖမ်းဆီးရရှိမှု ကျပ် ၃၅၁ ဒသမ ၇၁ သန်းရှိခဲ့ပြီး မေလ ၂၀ ရက်နေ့အထိ ကျပ် ၂၀၄ ဒသမ ၂၅သန်းရှိခဲ့သည်။အကောက် ခွန်ဦးစီးဌာနသည် လေဆိပ်၊ ရေဆိပ်နှင့် နယ်မြေဒေသအသီးသီးတွင် အကောက်ခွန်မဲ့ ပစ္စည်းများကို ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ပြီး ရက် ၅၀ အတွင်း ကျပ် ၅၅၅ ဒသမ ၉၆ သန်းဖိုး ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်သည်။

အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရရှိသောပစ္စည်းများတွင် မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန်များ၊ စီစီတီဗီကင်မရာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ် ရတနာများ၊ မော်တော်ယာဉ်များ၊ ဆေးဝါးများ စသည်တို့ပါဝင်သည်။ အကောက်ခွန်ဦးစီးဌာနသည် ဧပြီလ အတွင်း အမှုပေါင်း ၃၇ မှု၊ မေလ ၁၁ရက်မှ ၂၀ ရက်အထိ အမှုပေါင်း ၂၃ မှု ဖမ်းဆီးနိုင်ခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားမ၀င်အကောက်ခွန်မဲ့ပစ္စည်းများ တင်သွင်းမှုများပြားနေသောကြောင့် တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ Mobile Team (ရွေ့လျားဖမ်းဆီးရေးအဖွဲ့)များကို ဖွဲ့ စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးခဲ့သည်။

ရွေ့လျားဖမ်းဆီးရေးအဖွဲ့များ၊ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များသည် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁ရက်မှ ၂၀၁၄ ခုနှစ် ဧပြီ၂၄ရက်အထိ ကျပ်ငွေ ၁၅ ဘီလီယံဖိုးရှိ တရားမ၀င်ကုန်ပစ်္စည်းများ ဖမ်းဆီးခဲ့ပြီးဖမ်းဆီးရရှိခဲ့သော အမှုတွဲ ၃,၀၆၆မှုကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကောက်ခွန်မဲ့ကုန်ပစ္စည်းအများဆုံးတင်သွင်းနေသည့်နေရာများမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ပါဝင်သည်။စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရားမ၀င် အကောက်ခွန်မဲ့ ပစ်္စည်းများ ဖမ်းဆီးအရေးယူနိုင်ခြင်းကြောင့် တရားဝင်ကုန်သွယ်မှုပမာဏမြင့်တက်လာသည်ဟု မေလ ၂၇ရက်တွင် ပြုလုပ် သည့် တရားမ၀င်ကုန်ပစ္စည်းဖမ်းဆီးရေးအဖွဲ့များ၏ ဆုကြေးငွေခွဲဝေ ခံစားခွင့်အတွက် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

No comments: