Friday, May 30, 2014

မြန်မာ လွှတ်တော် အစည်းအဝေး ပြန်လည်စတင်

ABC

မြန်မာနိုင်ငံမှာ ​လွှတ်အစည်းအဝေးတွေ ​မနေ့က ​ပြန်လည် ​စတင်ခဲ့ပြီး ​လွှတ်တော်ကိုယ်စားလှယ်တွေ ​ဥပဒေ ​ပြဋ္ဌာန်းသူတွေက ​လွှတ်တော်မှာ ​တင်သွင်းထားတဲ့ ​အဆိုပြုချက်လေးခုထဲက ​ကိုးကွယ်ရာ ​ဘာသာကူးပြောင်းခြင်းဆိုင်ရာ ​ဥပဒေမူကြမ်း ​အဆိုပြုချက်ကို ​ပထမ ​ဦးဆုံး ​ဆွေးနွေးသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

၂၀၁၂ ​ခုနှစ်ကတည်းက ​စပြီး ​မြန်မာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်တွေကြား ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခတွေ ​ဖြစ်ပွားခဲ့ ​ပြီးနောက်ပိုင်း ​အခုလို ​ကိုးကွယ်ရာ ​ဘာသာ ​ကူးပြောင်းခြင်း ​ဆိုင်ရာ ​ဥပဒေမူကြမ်း ​တစ်ရပ် ​ရေးဆွဲဖို့ ​မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်က ​ကော်မတီတရပ် ​ဖွဲ့စည်းပေးခဲ့တာ ​ဖြစ်ပါတယ်။

အဆိုပါ ​ဥပဒေမူကြမ်းကိုလည်း ​အင်္ဂါနေ့ထုတ် ​အစိုးရပိုင် ​သတင်းစာတွေမှာ ​ဖော်ပြခဲ့ပါတယ်။ ​အဲဒီ ​ဥပဒေ ​မူကြမ်းထဲမှာ ​ပါတဲ့ ​အချက်တချို့ဟာ ​ဘာသာ ​ကူးပြောင်းဖို့ ​မှတ်ပုံတင်ခွင့်တွေ၊ ​ဘာသာ ​ကူးပြောင်းသူရဲ့ ​အခွင့်အရေးတွေ၊ ​ဥပဒေ ​ကျူးလွန်သူတွေအတွက် ​ထောင်ဒဏ် ​အပြစ်ပေးတာတွေ ​အပါအဝင် ​လူဦးရေတိုးပွားနှုန်း၊ ​လက်ထပ် ​ထိမ်းမြားခြင်းနဲ့ ​တစ်လင် ​တစ်မယားစနစ် ​ကျင့်သုံးခြင်း ​ဆိုင်ရာ ​အချက်တွေလည်း ​ပါဝင်ပါတယ်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ​ဥပေဒပြဋ္ဌာန်းဖို့ ​ကြိုးစားနေတာနဲ့ပတ်သက်ပြီး ​အမျိုးသမီးအဖွဲ့တွေနဲ့ ​လူ့အခွင့်အရေးအဖွဲ့တွေကတော့ ​ကန့်ကွက်နေကြပါတယ်။

အကြောင်းကတော့ ​အဆိုပါ ​ဥပဒေ ​ကို ​အတည်အပြု ​ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ​အမျိုးသမီး ​တွေရဲ့ ​မွေးရာပါ ​အခွင့်အရေးတွေကို ​ချိုးဖောက် ​ကန့်သတ်ရာကျမှာဖြစ်လို့ ​ဆိုကြပါတယ်။

ဒါ့အပြင် ​လူဦးရေတိုးပွားနှုန်းနဲ့ ​ပတ်သက်တဲ့ ​အဆိုပြုချက်ဟာလည်း ​မွတ်စလင်တွေကို ​ဖိနှိပ်ကန့်သတ်ဖို့ ​ရည်ရွယ်တာဖြစ်တယ်လို့ ​လူ့အခွင့်အရေး ​အဖွဲ့တွေကလည်း ​သုံးသပ်နေကြပါတယ်။

No comments: