Saturday, May 31, 2014

မသီတာထွေး(၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပ

နှင်းသန္တာ

၂၀၁၂ ခုနှစ်မေလ(၂၈)ရက်နေ့က ဘင်္ဂလီ (၃) ဦး၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံလိုက်ရသော ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ မသီတာထွေး၏ (၂)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။

မသီတာထွေး ကွယ်လွန်ခဲ့ရသော မေလ (၂၈) ရက်နေ့ကို သီတာထွေးနေ့ဟု သတ်မှတ်ကာ သူမအား အောက်မေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရခိုင်အမျိုးသားများမှာ ကျင်းပ လာခဲ့သည်မှာ ယခုနှစ်တွင် (၂) နှစ်တိုင်တိုင် ပြည့်မြှောက်ခဲ့ပြီ ဖြစ်သည်။

“ကျွန်မတို့ စစ်တွေမှာ ဆိုရင် သံဃာတော်တွေကို သင်္ကန်းတွေလှူပါတယ်။ မသီတာထွေး ဆုံးသွားတာ (၂)နှစ် ပြည့်ပြီဖြစ်တဲ့အတွက် (၂)နှစ်ပြည့်ဆီးမီးတိုင်ကို ထွန်းညှိပူဇော်ကြတယ်။ နောက်ပြီးရင် မသီတာထွေးဟာ ခုဆိုရင် အသက်(၂၉)နှစ်ရှိပြီဖြစ်တဲ့အတွက် ပန်းစည်း(၂၉)စည်းကို လွမ်းသူ့ ပန်းစည်းချကြတယ်” ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး စောမီမီသန်းက နိရဉ္စရာသို့ ပြောသည်။

မသီတာထွေး(၂)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲကို ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ပြီး စစ်တွေမြို့တွင် ကျင်းပခဲ့ရာ နိရဉ္စရာက မေးမြန်းစဉ် သူမက ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ယင်းပြင် ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ မသီတာထွေးအား ဂုဏ်ပြုသော အနေဖြင့် “ပြည်မြတ်ရတနာ စောတာရာ သီတာထွေး” ဟု အမည်အား ဂုဏ်ပြု ပေးအပ်ထားသည်ဟု ဆိုသည်။

“ ဒီနှစ် မတ်လ ၂၃ ရက်ကနေ ၂၆ရက်နေ့ထိ စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ညီလာခံမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ကလာတဲ့ အမျိုးသမီးထုတစ်ရပ်လုံးရဲ့ သဘောတူချက်နဲ့ ပြည်မြတ်ရတနာစောတာရသီတာထွေး ဆိုတဲ့ နာမည်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ဒီနာမည်ကို ဘာကြောင်းပေးအပ်ရသလဲဆိုတော့ ကျမတို့ ရခိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်တွေ အိပ်မောကျနေတဲ့အချိန်မှာ မသီတာထွေး အသတ်ခံလိုက်ရတဲ့အတွက် ရခိုင်လူမျိုးတွေရဲ့ နား၊ မျက်လုံးတွေကိုဖွင့်ပေးလိုက်ပြီး အမျိုးကိုချစ်စိတ်နဲ့ အမျိုးသားရေး စိတ်ဓာတ်တွေဖြစ်ပေါ်လာပြီး စည်းလုံးညီညွတ်ဖို့အတွက် အစ ပြုလာကြတယ်။ ဒါကြောင့် မသီတာထွေးကို နာမည်တစ်ခုနဲ့ ဂုဏ်ပြုပေးသင့်တယ်ဆိုပြီး အားလုံး သဘောတူ ရွေးချယ် ပေးအပ်ခဲ့ကြပါတယ်” ဟုဆိုသည်။

မသီတာထွေးကို အမြဲတမ်းအမှတ်ရနေသင့်ကြောင်းကို ရှေ့နေ အမျိုးသမီးကြီး ဆရာမ ဒေါ်အေးနုစိန်ကလည်း ယခုလို ပြောကြားသည်။

“ရခိုင်လူမျိုးတွေရှိနေသရွေ့ မသီတာထွေးအမှတ်တရ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ၊ အခမ်းအနားတွေလည်း ရှိနေသင့်ပါတယ်။ သူမရဲ့ ကံကြမ္မာဆိုးဟာ ရခိုင်တစ်မျိုးသားလုံးကို တပ်လှန့်နိုးလိုက်တဲ့အတွက် ရခိုင်လူမျိုးတွေက မသီတာထွေးကို မမေ့ပျောက်ပဲ ဒီအခမ်းအနားတွေ ကို နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပေါက်တောမြို့တွင်လည်း ရခိုင်အမျိုးသမီးများအစည်းအရုံး(ပေါက်တော)မှ ဦးဆောင်ကာ လူမှုအဖွဲ့အစည်းများပါဝင်ပြီး စန္ဒရာမပရိယတ္တိစာသင်တိုက်တွင် ဆွမ်းကပ်အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ပေါက်တောမြို့မှ စောစိန်လှမေက ပြောသည်။

ထို့အတူ မသီတာထွေးအတွက် ဆုတောင်းပွဲတစ်ရပ်ကို ရခိုင်အမျိုးသမီးကွန်ရက်က စစ်တွေမြို့ ဘုရားကြီးဓမ္မာရုံတွင် ယမန်နေ့ညနေ (၈)နာရီခန့်က ကျင်းပခဲ့ပြီး ရဟန်းရှင်လူအများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအထိမ်းအမှတ်ပွဲများကို စစ်တွေမြို့တွင်သာမက ရန်ကုန်နှင့် ရခိုင်ပြည်နယ် မြို့နယ်(၁၃) ခုတွင်လည်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments: