Friday, May 30, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏ အစီရင်ခံစာ ယခုလွှတ်တော်တွင် တင်မည်

ဝင်းကိုကိုလတ်

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော အဖွဲ့ဝင် ၃၁ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို ယခု ကျင်းပနေသည့် ပထမအကြိမ်၊ ဒဿ မပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဟု အဆိုပါကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုက ပြောသည်။

ကန်ပတ်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ သူရဦးအောင်ကိုက “ကော်မတီရဲ့ အစီရင်ခံစာကို ဒီလွှတ်တော်မှာ တင်သွင်းပါလိမ့်မယ်" ဟု ပြောသည်။

သို့သော် အစီရင်ခံစာအား မည်သည့်အချိန်တွင် တင်သွင်းမည်၊ မည်သည့်အကြောင်းအရာများ ပါဝင်မည်စသည်တို့ကိုမူ ၎င်းက တိကျစွာ မပြောကြားခဲ့ပေ။

အဆိုပါသတင်းနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကို မေးမြန်းရာ “တင်တဲ့အခါ အပိုင်းလိုက်ခွဲတင်မလား၊ တစ်ခါတည်း တွဲတင်မလားဆိုတာ မသိပါဘူး"ဟု ပြောကြားသည်။

အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအစီအရင်ခံစာအား ယခုလွှတ်တော်ပြီးဆုံးချိန်မှသာ တင်သွင်းဖွယ်ရှိသည်ဟု သုံးသပ်သည်။

၎င်းက “ကျွန်တော်ထင်တယ်။ အစီရင်ခံစာကို လွှတ်တော်ပြီးခါနီးကပ်တင်မယ်။ ဆွေးနွေးတာကို နောက်အကြိမ်အထိ ဆွဲသွားမယ်ထင်တယ်"ဟု မှတ်ချက်ပြုသည်။

No comments: