Sunday, July 27, 2014

သိန်း ၅၀ ကျော်တန်ဖိုးရှိ ဆေးခြောက်များ တောင်ဥက္ကလာတွင် ဖမ်းဆီးမိ

ကျော်စိုးမိုး

ကာလတန်ဖိုးကျပ် ၅၄ သိန်းနီပါးခန့်ရှိသည့် ဆေးခြောက် ဆယ်ပိဿာကျော် ဖမ်းဆီးရမိသော ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၂ ရက်၊ ည ၁၂ နာရီခွဲခန့်က တောင်ဥက္ကလာပ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ မူးယစ်ပုဒ်မနှင့် ဖမ်းဆီးရမိသူတစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းထံမှ ဆေးခြောက်များမှာ တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ မြင်သာ(၁၁) လမ်းတွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်အေးမြိုင်ထံမှ ၀ယ်ယူရရှိခဲ့သည်ဟု သိရသဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့ နှင့် တောင်ဥက္ကလာ မြို့မရဲစခန်းမှတာဝန်ရှိသူများ ပူးပေါင်းကာ ဒေါ်အေးမြိုင်၏နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ၎င်း၏နေအိမ် အိပ်ခန်းအတွင်းမှ ဆေးခြောက် ၁၀ ပိဿာ ၉၀ ကျပ်သား (၁၄ ဒသမ ၇၇၈) ကီလိုဂရမ်၊ ကာလတန်ဖိုးကျပ် ၅၃ သိန်းကျော်ခန့် သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒေါ်အေးမြိုင်ကို အရေးယူပေးပါရန် ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု (၄၂)မှ ဒု-ရဲမှူးဝင်းမြင့်၏ တရားလိုပြုတိုင်တန်းမှုကို တောင်ဥက္ကလာပမြို့မရဲစခန်းမှ မူးယစ်(ပ) ၁၁/၁၄၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

No comments: