Sunday, July 27, 2014

PR ဂယက်

ဝင်းကိုကိုလတ်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်ဒီပါတီ၏ အလုံးအရင်းနှင့် နိုင်ခဲ့ပြီးနောက် အာဏာရပါတီနှင့်အခြား ဒီမိုပါတီများ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်လာခဲ့ကြရာ လွှတ်တော်တွင်း အခြေအနေများသည် စိတ်ဝင်စားစရာကောင်းခဲ့သည်။

ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) က လက်ရှိ ရွေးကောက်ပွဲစနစ်အစား ပီအာရ်စနစ်ကို ပြောင်းလဲကျင့်သုံးရန် လွှတ်တော်အတွင်း တင်သွင်းခဲ့ပြီးနောက် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် အင်န်အယ်ဒီပါတီတို့က ကန့်ကွက်မှုများရှိခဲ့သည်။

အမျိုးသားလွှတ်တော်မှာ ပီအာရ်စနစ်ကျင့်သုံးရန် အဆိုအတည်ဖြစ်ခဲ့ပြီး ဇူလိုင် ၂၄ ရက်က ပြည်သူ့လွှတ်တော်တွင် အင်န်ဒီအက်ဖ်ကပင် ထပ်မံအဆိုတင်သွင်းခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားအမတ် ၄၂ ဦးက ကန့်ကွက်ခဲ့ကြသည်။

ဇူလိုင် ၂၅ လွှတ်တော်တွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်က ယမန်နေ့က တင်သွင်းခဲ့သည့် တိုင်းဒေသကြီးများတွင် အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်)ကို ကျင့်သုံးရန် အဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ်တော်တွင် ၄၇ ဦး စာရင်းပေးသွင်းထားပြီး ဇူလိုင် ၂၅ ရက်တွင် ၁၀ ဦး စတင်ဆွေးနွေး လိုက်ပြီဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက စာရင်းပေးသွင်းထားသူ ၄၇ ဦးတွင် တပ်မတော်သားအမတ် လေးဦးပါဝင်ကာ ကန့်ကွက်သူ၊ ထောက်ခံသူ ဆတူခန့်ရှိသဖြင့် ထောက်ခံသူ တစ်လှည့်၊ ကန့်ကွက်သူ တစ်လှည့်ဆွေးနွေးရန် စီစဉ်ထားပြီး တစ်ဦးလျှင် ခြောက်မိနစ်စီ ဆွေးနွေးရန် ညွှန်ကြားခဲ့သည်။

ဆွေးနွေးရာတွင် ထောက်ခံသူ ငါးဦးက ပြတ်ပြတ်သားသားထောက်ခံခဲ့သော်လည်း ကန့်ကွက်သည့် ငါးဦးအနက် နှစ်ဦးကမူ ပီအာရ်စနစ်ကို မူအရ မကန့်ကွက်သော်လည်း ဒီမိုကရေစီနုနယ်သေးသည့်အချိန်တွင် မကျင့်သုံးသင့်သေးကြောင်း ဆွေးနွေးခဲ့သည်။

ထောက်ခံသူငါးဦးမှာ ပြည်ခိုင်ဖြိုးပါတီမှ သုံးဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ တစ်ဦးတို့ဖြစ်ပြီး ပီအာရ်စနစ်ကျင့်သုံးပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူနည်းစုများ၏ အခွင့်အရေးများ ပိုမိုရရှိလာနိုင်ခြင်း၊ မဲလေလွင့်မှု မရှိခြင်း၊ လွှတ်တော်တွင် ပါတီစုံ ကိုယ်စားပြုမှု ပိုမိုရရှိလာခြင်း၊ အမျိုးသမီးကိုယ်စားလှယ်များ လွှတ်တော်တွင် နေရာပိုရလာခြင်းစသည့် အကျိုးများရရှိလာမည်ဟု ဆွေးနွေးခဲ့သည်။

ပထမဦးဆုံး ထောက်ခံဆွေးနွေးခဲ့သူ ပြည်ခိုင်ဖြိုးပါတီ၊ ချီဖွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဇုံးတိန့်က ရွေးကောက်ပွဲစနစ်ရွေးချယ်ရာတွင် ပထ၀ီအနေအထားအရ ကွဲပြားမှု၊ ဒေသဆိုင်ရာ ထူးခြားမှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး တိုင်းရင်းသားပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သဟဇာတမဖြစ်သေးသော ပီအာရ်စနစ်ကို မကျင့်သုံးသင့်သေးဘဲ လက်ရှိမဲအများဆုံးရသူ အနိုင်ရသည့်စနစ်ကိုသာ ကျင့်သုံး၍ တိုင်းဒေသကြီးများတွင်မူ ပီအာရ်စနစ်ကို ကျင့်သုံးသင့်သည်ဟု အဆိုရှင် ဦးအောင်ဇင်၏အဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။

၎င်းက “ဒီစနစ်ကို ပြည်သူများက အတွေ့အကြုံမရင့်ကျက်၍ နားမလည်ဘဲ မဲမပေးတတ်ဘူးဆိုတာ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို ဂုဏ်သိက္ခာသိမ်ငယ်စေတာကြောင့်ဖြစ်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၊ အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက လွှတ်တော်တွင်း ဒီမိုကရေစီစံနှုန်းနှင့်အညီ တိုင်းရင်းသားခေါင်းဆောင်များ၊ ပါတီစုံမှ ပုဂိ္ဂုလ်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ပီအာရ်စနစ်ကို ထောက်ခံဆွေးနွေးခြင်းဟု ဆိုသည်။

၎င်းက “ဒီလိုဆွေးနွေးတဲ့နေရာမှာ တချို့ထင်မြင်ယူဆမှုအမျိုးမျိုးနဲ့ သုံးသပ်ဝေဖန်မှု၊ ဆွေးနွေးမှုများရှိနေကြောင်းလည်း သိရှိရပါတယ်။ ကျွန်တော်တို့ဟာ ပါတီကြီးဖြစ်သလို ၂၀၁၀ မှာလည်း အနိုင်ရရှိခဲ့သည့်ပါတီ ဖြစ်ပါတယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ရန် အဆင်သင့်ပြင်ထားပြီးဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အင်ဂျားယန်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘွဲက ပီအာရ်စနစ် ကျင့်သုံးခြင်းဖြင့် လူနည်းစုအခွင့်အရေး၊ အမျိုးသမီးအမတ်များ လွှတ်တော်တွင် နေရာပိုရလာမည်ဟု ဆွေးနွေးခဲ့သည်။

အဆိုကို ကန့်ကွက်သူများမှာ အင်န်အယ်လ်ဒီပါတီမှ နှစ်ဦး၊ ချင်းအမျိုးသားပါတီမှ တစ်ဦး၊ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ ချင်းတိုးတက်ရေးပါတီမှ တစ်ဦး စုစုပေါင်း ငါးဦးက ကန့်ကွက်ခဲ့ရာ အခြေခံဥပဒေနှင့် မကိုက်ညီခြင်း၊ ဒီမိုကရေစီ နုနယ်သည့်အချိန်တွင် စနစ်အပြောင်းအလဲ လျင်မြန်စွာ မလုပ်လိုခြင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။

အင်န်အယ်လ်ဒီပါတီ၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် မဲများသူ အနိုင်ယူသည့် စနစ် ရွေးကောက်ပွဲစနစ်အတွက်သာ ရေးဆွဲထားကြောင်း တွေ့ရပြီး ယင်းဖွဲ့စည်းပုံပေါ်မူတည်၍ ရေးဆွဲထားသော ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက “ဒါက ဘာကိုဆိုလိုသလဲဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ဆန့်ကျင်ပြီး ကျန်ဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းလို့ မရဘူးဆိုတဲ့ ဥပဒေရဲ့ပင်မ အခြေခံသဘောတရားဖြစ်ပါတယ်”ဟု ဆိုသည်။

အင်န်အယ်လ်ဒီပါတီ၊ တံတားဦး မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်သန္တာက ကိုယ့်မဲဆန္ဒနယ်၊ ဒေသခံ ပြည်သူအများစု၏ ယုံကြည်မှု၊ ထောက်ခံမှု မရှိ၍ ရှုံးနိမ့်သွားသည့် မဲများ၊ တစ်နည်းအားဖြင့် ဒေသခံပြည်သူများက လက်မခံသည့် ကိုယ်စားလှယ်သည် ရှုံးသွားသည့် မဲများကို တစ်နိုင်ငံလုံးစု၍ရှုံးမဲများကို ကောက်သင်းကောက်ကာ နိုင်ငံကို ဦးဆောင်အပိုင်းမှာ ၀င်ထိုင်ခွင့်ပေးသည့် ယခုစနစ်သည် ပြည်သူကန့်ကွက်သည်ကို မျက်နှာပြောင်တိုက် ခေါင်းဆောင်များနေရာ ၀င်ထိုင်သည့်စနစ်ဖြစ်သည်ဟု ပြည်သူများက ဝေဖန်လိမ့်မည်ဟု ဆိုသည်။

၎င်းက“ကျွန်မတို့ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ္တိနဲ့သိက္ခာကို ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲ ကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလို မဖုံးကွယ်ပါရစေနဲ့”ဟု ကန့်ကွက်ခဲ့သည်။

ယခုမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်မှာ မဲအများဆုံးရသူသာ အနိုင်ရသည့်စနစ် (First-past-the-post) ဖြစ်ပြီး အချိုးကျ ကိုယ်စားပြုစနစ်(PR)မှာ မဲဆန္ဒရှင်များက ပါတီကို မဲပေးရသော စနစ်ဖြစ်ကာ ရရှိသော မဲအရေအတွက်အလိုက် ပါတီက ကိုယ်စားလှယ်ရရှိသော စနစ်ဖြစ်သည်။

No comments: