Monday, July 28, 2014

မြောက်ဦးတွင် မှတ်ပုံတင်လုပ်ရာ၌ ပိုက်ဆံပေးနိုင်သူ အမြန်ရရှိ၊ ဆက်ဆံရေး ကြမ်းတမ်း

မိုးဇော်

မြောက်ဦးမြို့တွင် မှတ်ပုံတင်လုပ်ရာ၌ ပိုက်ဆံအမြန်ပေးနိုင်သူက မှတ်ပုံတင်အမြန်ရရှိပြီး ပိုက်ဆံမပေးပါက ကြံ့ကြာနေကြောင်း၊ မှတ်ပုံတင် လုပ်ဆောင်ရာတွင်လည်း ပြောဆိုဆက်ဆံမှုမှာ ကြမ်းတမ်းစွာ ဆက်ဆံကြောင်း နှစ်ပတ်ကျော်ကြာ စောင့်ဆိုင်းနေသည့် မှတ်ပုံတင်လုပ်သားများ၏ ပြောဆိုချက်အရသိရသည်။

မှတ်ပုံတင်လုပ်ရာတွင် ဆောင်ရွက်ချက်အဆင့်ဆင့်များကို အားလုံးပြီးနေပြီး လ.၀.က အရာရှိ ဦးစီးလက်တစ်ခုသာ ထိုးပေးကျန်နေသည့်အတွက် ယင်းလက်မှတ်ရရှိရန် နှစ်ပတ်ကျော်ကြာစောင့်ဆိုင်းနေသည့် ကိုစိုးထွန်းဖြူက Development သတင်းဂျာနယ်သို့ ယခုလိုပြောသည်။

" မှတ်ပုံတင်ရဖို့အတွက် စောင့်နေတာ တော်တော်ကြာပါပြီ။ ကျနော့်မှာ လုပ်ရာမယ့်အရာတွေ အကုန်လုံးလုပ်ပြီးပြီ။ ဦးစီးလက်မှတ်ထိုးပေးရုံပဲဗျာ။ ဒါပေမယ့် အခုထိ မထိုးပေးသေးဘူး။ အဲဒါဘာဖြစ်လို့လဲ။ ကျနော်ပိုက်ဆံမပေးလို့များလား။ " ဟု ဆိုသည်။

မှတ်ပုံတင်လုပ်ဆောင်ရာတွင် ဥပဒေ၌ ၆ ကျပ်သာ သတ်မှတ်ထားသော်လည်း လက်ရှိတွင် တစ်သောင်းနှင့် အထက်ကို ပေးနေရကြောင်း၊ ထိုသို့ပေးရာတွင်လည်း မလေးစားမှာစိုးရိမ်၍ တိုက်ရိုက်မပေးရဘဲ ယင်းရုံးရှိ လူငယ်ဝန်ထမ်းတစ်ဦးဦးကို ပေးခိုင်းရကြောင်း ကိုယ်တိုင်ပေးခဲ့ရသော မှတ်ပုံတင်လုပ်သားများက ပြောကြားသည်။

သတ်မှတ်ထားသည်ထက် အပိုပေးပြီး မှတ်ပုံတင်လုပ်ရသော်လည်း လူမှုဆက်ဆံရေးမှာ အလွန်နိမ့်ကျနေကြောင်း၊ တချို့ မှတ်ပုံတင်လုပ်သားများမှာ စာရွက်စာတမ်းမပြည့်စုံဟုဆိုကာ မောင်းထုတ်ခံရကြောင်း၊ ရခိုင်တိုင်းရင်းသားများထဲတွင် ပါဝင်သော မျိုးနွယ်စုများဆိုလျှင် ပိုအဆူခံရကြောင်းရုံးရှိအတွင်းအပြင်တွင် စောင့်ဆိုင်နေကြသော မှတ်ပုံတင်လုပ်သားများက ပြောကြားကြသည်။

" ကျနော် ပထမတခေါက်တုန်းက အမေနဲ့လာပါတယ်။ အဲဒီနေ့မှာပဲ လိုအပ်တာတွေ အကုန်လုံးလုပ်ပြီးပြီ။ နောက်ဘယ်နေ့မှာ လာယူပါဆိုပြီးတော့ ချိန်းပါတယ်။ ကျနော်လည်း ကျနော့်သူငယ်ချင်းတယောက်နဲ့သွားပါတယ်။ ကျနော်သူငယ်ချင်းက လက်ထောက်ဦးစီးမှူးကို မေးလိုက်ပါတယ်။ ကျနော့်သူငယ်ချင်းမှာ မှတ်ပုံတင် ရပါပြီလားလို့ မေးလိုက်တော့ မင်းနဲ့ ဘာဆိုင်သလဲ။ မင်းက အုပ်ထိန်းသူလားလို့ ပြန်ဖြေပါတယ်။ " ဟု ကိုစိုးထွန်းဖြူကဆိုသည်။

မြောက်ဦးမြို့ မှတ်ပုံတင်ရုံးတွင် မှတ်ပုံရရှိရန် စောင့်နေကြသူများမှာ ရုံးအတွင်းအပြင် လူဦးရေ ၂၀ ကျော်ရှိပြီး ယင်းရုံးတွင် အဓိကတာဝန်ရှိသူများမှာ လ.၀.က ဦးစီးမှူးနှင့် ဒုဦးစီး ဒေါ်နီနီကျော်တို့ဖြစ်ကြောင်း သိရသည်။

No comments: