Monday, July 28, 2014

အစိုးရ၏ ကမ်းလှမ်းမှုကို စောင့်ကြည့်ဆဲဖြစ်သည်ဟု MSF အကြီးအကဲဆို

ကေဇူး

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အစိုးရ၏ ကမ်းလှမ်းမှုကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု အစိုးရ နှင့် ရခိုင်ပြည်နယ် အစိုးရတို့က MSF အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်းပါဝင်ကြရန် ဇူလိုင်လ ၂၄ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။

“ယခုကဲ့သို့ တိုးတက်ဖြစ်ပေါ်လာမှုအပေါ် MSF မှ အကောင်းဖက်က ရှုမြင်သော်လည်း စောင့်ကြည်ဆဲဖြစ်ပါသည်”ဟု အမ်စတာမြို့ရှိ MSF စီမံကန်း ညွှန်ကြားရေးမှူးချုပ် မာဆယ်လန်းဂန်းဘတ်ခ်မှ ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် MSF ၏ လုပ်ငန်းများ ခေတ္တရပ်နားရန် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

“MSF နဲ့ ရခိုင်လူထုနဲ့က ဘယ်နည်းနဲ့မှ သဟဇာတ မဖြစ်နိုင်တော့ဘူး၊ ကျွန်တော်တို့ကတော့ ကန့်ကွက်သွားမှာပဲ”ဟု စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်ပြီး အရေးပေါ် ညှိနှိုင်းရေးအဖွဲ့ ECC အဖွဲ့တွင် ပါဝင်သူ ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ဒေသခံများအနေဖြင့် ဇူလိုင် ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သွားရန် အစည်းအဝေးတစ်ရပ် ပြုလုပ်၍ ဆုံးဖြတ်ထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချရားတန်းဖြစ်စဉ်တွင် ဒါဏ်ရာ ရရှိသူ ၂၀ဦးကို ဆေးကုသမှု ပေးရသည်ဟု MSF က သတင်းထုတ်ပြန်မှုအပေါ် ရခိုင်လူထုကို မဟုတ်မမှန် သတင်းထုတ်လွင့်သည်ဆိုကာ ဒေသမှ ထွက်ခွာသွားရန် ထိုင်သပိတ်ဖြင့် ဆက်တိုက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ဖူးသည်။

No comments: