ဇာနည်အောင်
နိုင်ငံ၏ ပညာရေးမူဝါဒပေါ် အဖြေရှာဖို့လိုပြီဟု ပညာရေးဝန်ကြီးဌာန၏ ပညာရေးအကြံပေးများ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောဆိုလိုက်သည်။
“ဒီတိုင်းပြည်ဟာ အဘက်ဘက်က ကျဆင်းလာနေပါတယ်။တိုင်းပြည်တိုးတတ်ခြင်းရဲ့ အဓိက အချက်က ပညာရေးပါပဲ။ ပြောင်းလဲလာဖို့ အများကြီးလုပ်ရဦးမယ်။ အကြံပေးပညာရှင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပညာရေးပေါ်လစီက ဘာဖြစ်သင့်လဲ ပြောင်းလဲစဉ်းစား အဖြေရှာကြဖို့လိုပါတယ်” ဟု ၄င်းက ဆိုသည်
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ဇူလိုင်လ ၂ဝ ရက်က ပြုလုပ်သည့် အမေ့အိမ်ပညာဒါနကျောင်း အလှူငွေပေးအပ်ပွဲတွင် ဦးတင်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရမှ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် တက္ကသိုလ်များ၊ ကျောင်းများကို ပြန်လည်ထိန်းချုပ် လာကြောင်း၊ အစိုးရအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲရာတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုအားနည်းနေပြီး ပညာရေးဝန်ကြီးဌာနမှ အကြံပေးပညာရှင်များအနေဖြင့် နိုင်ငံတကာတွင် ကျင့်သုံး နေသောပညာရေးစနစ်၊ ခိုင်မာသော ပညာရေးစနစ်များကို လေ့လာပြီး ၄င်းတို့နှင့် ပူးပေါင်း စေလိုသည်ဟု ဦးတင်ဦးက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီမှ ဗဟိုလုပ်မှုဆောင် ဦးဟန်သာမြင့်က “NLD ပါတီရဲ့ ပညာရေးကွန်ယက်ရဲ့ ပေါ်လစီဟာ တက္ကသိုလ်ကျောင်းတွေနဲ့ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်စွာ ရွေးချယ်သင်ယူခွင့်ပဲဖြစ်ပါတယ်။ ဘယ်အဖွဲ့စည်း ဘယ်ပညာရှင်နဲ့မဆို ပူးပေါင်းဖို့အသင့် ရှိပါတယ်“ဟုဆိုသည်။
ကျောင်းများ၏ လွတ်လပ်ခွင့်ကို အစိုးရက လက်ခံရမည်ဖြစ်ပြီး ရပ်တည်ချက် ခိုင်မာစေရန် တက္ကသိုလ်များ၊ ကျောင်းများကို ဘဏ္ဍာငွေ လုံလောက်စွာ ထောက်ပံ့ပေးခြင်း၊ အများပြည်သူမျှော်လင့်သော လူတိုင်းပညာသင်ကြားခွင့်ပေးခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့မှ အာဏာရ လာပါက ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပညာရှင်များကို လုပ်ပိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါ ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်ဖွင့်လှစ်ထားသည့် အမေ့အိမ်ပညာဒါန စာသင်ကျောင်းများမှ ၂ဝ၁၄-၁၅ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲအောင် ကျောင်းသူ ကျောင်းသား ၉၄ဦးကို ပညာသင်ထောက်ပံ့စရိတ်ဖြင့် ငွေကျပ်၂၇၄သိန်း ပေးအပ်ခဲ့သည်။
No comments:
Post a Comment