Sunday, July 27, 2014

ဂျပန်မှ ချေးငွေရရှိလျှင် ပြည်တွင်းလုပ်ငန်းများကို အတိုးနှုန်းလျှော့ပေးမည်

သီဟကိုကို

ဂျပန်ဘဏ်အုပ်စုမှ သက်သာသည့် အတိုးနှုန်းရရှိခဲ့လျှင် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်းလျှော့ချချေးပေးလာနိုင်မည်ဟု ဂျပန်ဘဏ်အုပ်စုနှင့် ချေးငွေဆိုင်ရာ ဆွေးနွေးနေသည့် စီဘီဘဏ်၏အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

ဦးဖေမြင့် က “ သူတို့ဆီကနေ ချေးငွေရရှိဖို့ ဆွေးနွေးနေဆဲပါပဲ။ သူတို့ဆီက အတိုးနှုန်း သက်သက်သာ သာနဲ့ ချေးငွေရမယ်ဆိုရင် ပြည်တွင်းကစီးပွားရေးလုပ်ငန်း တွေကိုလည်း အတိုးနှုန်းနည်းနည်းနဲ့ပဲ ပြန် ချေးပေးနိုင်မယ်။ အခုက ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ်မှာ ပြန်ချေးရတာဖြစ်တဲ့ အတွက်ချေးငွေ အတိုး က သတ်မှတ်နှုန်းအတိုင်းပဲရှိနေဦးမှာပါ” ဟု ပြောသည်။

ပြည်တွင်းဘဏ်များအနေဖြင့် အပ်နှံငွေအပေါ် တစ်နှစ်အတိုးနှုန်း ရှစ်ရာခိုင်နှုန်း နှင့် တစ်နှစ်ချေးငွေအပေါ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းယူလျက်ရှိပြီး အပ်နှံသည့်အပေါ် ရရှိသည့်အတိုးနှုန်းအရ ချေးငွေအတိုးနှုန်း ယူ ထား ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ် တို့ မှ အပ်နှံငွေအပေါ် အတိုးနှုန်း သုည ဒသမ ၂၅ ရာခိုင်နှုန်းတိုးမြင့်ပေးလာသည်။

ဦးဖေမြင့်က “ ချေးငွေပမာဏကတော့ သူတို့က ဘဏ်ရဲ့အလုပ်လုပ်နိုင်မှုအပေါ်မှာ ကြည့်ပြီးပဲ ချေးမှာဖြစ် တယ်။ လောလောဆယ်တော့ မြန်မာငွေတစ်ဘီလီယံလောက် ပဲယူထားဦးလို့ဆိုပြီးတော့ ပြောထားတယ်။ သူတို့ဘက်က ကျွန်တော်တို့ကို စမ်းသပ်မှာပါပဲ ” ဟု ပြောသည်။

ပြည်တွင်းမှ အသေးစားနှင့် အလတ်စားစက်မှုကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို အသေးစားနှင့် အလတ် စား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ချေးငွေအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ယခု ဘဏ္ဍာနှစ် တွင် ကျပ် ၂၀ ဘီလီယံထုတ် ချေးပေးမည်ဖြစ်သော်လည်း ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အတိုးနှုန်းများပြားသည်ဟုစက်မှုကုန်ထုတ် လုပ်ငန်းရှင်များက ဇူလိုင် ၁၈ တွင် စက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသိန်းအောင် ထံ တင်ပြခဲ့ကြသည်။

ပြည်တွင်းဘဏ်ဖြစ်သည် မြန်မာ့အသေးစားငွေရေးကြေးရေးဘဏ်၊ စီဘီ ဘဏ်တို့နှင့် ဂျပန်ဘဏ်အုပ်စု တို့သည် ချေးငွေရယူမည့်အစီအစဉ်များအပြင် အသေးစားချေးငွေထုတ်ချေးရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းဆိုင် ရာ နည်းပညာကဏ္ဍများအတွက်ပါ ပူးပေါင်းဆောင်ရွက်ထားသည်။ မစ်ဆူဘူရှီ ဘဏ်လုပ်ငန်းအုပ်စု သည် ဂျပန်နိုင်ငံ၏အကြီးဆုံး ဘဏ်လုပ်ငန်းအုပ်စုတစ်ခုဖြစ်သည်။

No comments: