မင်းမင်း
တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ညီညွတ်တိုးတက်လာသည်နှင့်အမျှ အစိုးရဘက်က ပရိယာယ်သုံးပြီး ဉဏ်များမည်ကို နားမယောင်ကြရန် ကချင်လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို) ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဇူလိုင် ၂၄ ရက်က သတိပေးလိုက်သည်။
“အစိုးရသည် ဉဏ်နီဉဏ်နက်သုံး၍ နည်းလမ်းအမျိုးမျိုးနှင့် တန်ပြန်လှုပ်ရှားလာကြသည်မှာ သဘာဝကျပါသည်။ ယှဉ်ပြိုင်မှုနှင့် တုံ့ပြန်မှုများသည် ရှိတတ်စမြဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သော်လည်း မိမိတို့ဘက်မှ နားမယောင်မိရန် သတိထား၊ ၀ီရိယထားရန်မှာ အထူးလိုအပ်ပါသည်”ဟု ၎င်းက ပြောသည်။
ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပသည့် တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၈၉ ဦး တက်ရောက်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ပထမနေ့တွင် ကေအိုင်အိုဥက္ကဋ္ဌက အဖွင့်စကားပြောလိုက်ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် NCCT တို့ ရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်းကို စတင်ဆွေးနွေးနေပြီဖြစ်သည်။
NCCTအဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကိုယ့်ဘက်က အသာတော့ လိုချင်ကြတာပဲ။ အဲ့တော့ နည်းနည်းတော့ ရှိမှာပေါ့ဗျာ။ ကလိမ်ကလည် မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ ပန်းတိုင်မတူတဲ့အခါကျတော့ လူထုကို အလယ်မှာထားပြီးတော့ ကိုယ့်နိုင်ငံရေးပန်းတိုင်ကိုယ်သွားရမှာပဲ”ဟု မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment