ဇာနည်အောင်
ရန်ကုန်ရှိ အလုပ်လက်မဲ့အများဆုံး ၁၀ မြို့နယ်တွင် အလုပ်လက်မဲ့ စာရင်းကောက်ယူပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဟု ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်က မဇ္ဈိမကို ပြောသည်။
အဆိုပါ စာရင်းကောက်ယူရေး အစီအစဉ်ကို လာမည့်သြဂုတ်လ နောက်ဆုံးပတ်တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ ကောက်ယူရာ၌ အခြေခံအလုပ်သမားအများဆုံးရှိသည့် မြို့နယ်များတွင် အလုပ်လက်မဲ့နှုန်း သိရှိနိုင်စေရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဦးကျော်ထင်ကျော်က “စာရင်းရဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ အလုပ်အကိုင်ရရှိရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အလုပ်လျှောက်လိုသူတွေကို လျှောက်လွှာကအစ အခမဲ့ လုပ်ပေးသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။
အခြေခံအလုပ်သမားအများဆုံးနေထိုင်သည့် မြို့နယ် ၁၀ မြို့နယ်ဖြစ်သည့် ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကလာပတို့အပါအ၀င် စက်မှုဇုန်များ အများဆုံးရှိရာမြို့နယ်များတွင် အလုပ်လက်မဲ့နှုန်းနှင့် အလုပ်လျှောက်လိုသူများ စာရင်းကို ကောက်ယူသွားမည် ဖြစ်သည်။
ကောက်ယူရရှိသည့် ရလဒ်ပေါ်မူတည်၍ ၎င်းတို့နှင့်သင့်လျော်သော အလုပ်အမျိုးအစား ဖန်တီးပေးနိုင်ရန် အထောက်အကူဖြစ်စေမည်ဟုလည်း ဦးကျော်ထင်ကျော်က ဆိုသည်။
မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအများဆုံးသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ရက်ကန်းလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ဓာတုပစ္စည်းလုပ်ငန်းများနှင့် သံရည်ကျိုလုပ်ငန်းအမျိုးအစားများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိနေသည်ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဆိုသည်။
အလုပ်လက်မဲ့ကောက်ယူမည့် ပူးပေါင်းအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်းကာ အလုပ်အကိုင်ရရှိရေး ဆက်လက် ကူညီပေးမည်ဖြစ်သည်။ သီရိမင်္ဂလာဈေးအခြေခံအလုပ်သမားအဖွဲ့မှ ကိုလှမျိုးဦးက “လျှောက်တဲ့အလုပ်နဲ့ အလုပ်ဖန်တီးပေးမှုက ပွင့်လင်းမြင်သာဖို့လည်း လိုတယ်”ဟု ပြောသည်။
လက်တွေ့ကျသော လုပ်ကိုင်ခန့်ထားမှုမျိုးများ ထည့်သွင်းစဉ်းပေးခြင်းမျိုးများနှင့် လူဦးရေဘယ်လောက်ခန့်အပ်မည်ဟု ချမှတ်အကောင်အထည်ဖော်ပေးမှုများ၊ အခြေခံလုပ်သမားများ တွက်သင့်လျော်သော အလုပ်အကိုင်အမျိုးအစားများအပြင် ခန့်အပ်ပြီးသော လုပ်သားများအား ကျွမ်းကျင်တတ်မြောက်စေရန် သင်တန်းပေးမှုမျိုးများပါ ထည့်သွင်းစဉ်းစားပေးသင့်သည်ဟု ၎င်းက ဆိုသည်။
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့ အလုပ်သမားမှတ် ပုံတင်ထားလျှောက်ထားသည့် ဦးရေ ၅၆၀,၀၀၀ ကျော်ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
No comments:
Post a Comment