Monday, July 7, 2014

မန္တလေးပဋိပက္ခအတွင်း လူသတ်မှု ဖမ်းမိခြင်းမရှိသေးဟု ဝန်ကြီးချုပ်ပြော

မျိုးသန့်

မန္တလေး ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်ခဲ့သည်များကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ဇူလိုင်လ ၅ရက်က ပြောသည်။

ထို့ပြင် လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ၁၆ဦးကို ဖမ်းဆီးထားရာ မြန်မာ ၁၁ဦးနှင့် အစ္စလာမ်ဘာသာဝင် ၅ဦး ဖမ်းဆီးရမိထားသည်ဟု ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ယင်းဆိုင်ရှင်နှစ်ဦးအား ဇူလိုင်လ ၁ရက် ညနေက နေ၊ ဆန်း ပိုင်ရှင်နှစ်ဦးအား ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆိုင်ပိတ်ခိုင်းရာက အစပြုပြီး ထိုနေ့ညက စတင်ကာ မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃ရက်အထိ လူနှစ်ဦး သေဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

ပျဉ်းမနားမြို့တွင် ဝန်ထမ်း အမျိုးသမီးအား အဓမ္မကျူးလွန်ခဲ့သည်ဟု တိုင်ချက်ဖွင့်ခံထားရသူ မန္တလေးမြို့ နေ၊ ဆန်း လ္ဘက်ရည်ဆိုင် ပိုင်ရှင် နှစ်ဦးကိုလည်း ဖမ်းဆီးနိုင်မရှိသေးဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ဇူလိုင် ၅ရက်က ပြောသည်။

“ ပြစ်မှုကျူးလွန်သူ လက်ရှိနှစ်ဦးရှိပါတယ်၊ တရားခံဖြစ်တဲ့အတွက် တိုင်ချက်ဖွင့်တဲ့ အနေအထားအရ တောက်လျှောက်သူတို့ရဲ့သတင်းတွေကို ရယူနေပါတယ်၊ ဖြစ်တာကတော့ ပျဉ်းမနားမှာဖြစ်တာ၊ ဒါပေမယ့် သူတို့က ဒီမှာနေထိုင်ကြတဲ့အတွက် ဖြစ်ပါတယ်၊ လောလောဆယ်တော့ ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး၊ အကုန်လုံးချိတ်ဆက်ပြီး ဖမ်းဆီး ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။

လက်ရှိတွင် မန္တလေးမြို့ ဇူလိုင်လ ၁ရက်မှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့၍ မြို့တွင်း မြို့နယ် ခုနှစ်ခုကို ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဇူလိုင် ၅ရက်နေ့တွင်မူ အခြေအနေ တည်ငြိမ်လျက်ရှိသည်။

No comments: