Sunday, July 20, 2014

ဘီလူးချောင်းရေလွမ်းမှု ကြိုတင်ကာကွယ်ထားရန်လို ဟုဆို

ဝေဝေအောင်

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဒေသခံလယ်ယာမြေများ ဘီလူးချောင်းရေလွမ်းမှု ကာကွယ်ထားရန် လိုအပ်လာနေပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောသည်။

ဘီးလူးချောင်းရေလွှမ်းမိုးမှု ကာကွယ်ရန်အတွက် ချောင်းရိုးတလျှောက် ချိုင့်ဝှမ်းတွင် လိုအပ်သည့် ကျောက်စီနံရံများပြုလုပ်ခြင်း၊ တာထိန်းဘောင်များစီမံ ဆောက်ရွက်သွားခြင်း ပြုလုပ်ရန်လိုအပ်နေပြီ ကြောင်း ပြောသည်။

“ရေလျှံတာမျိုး နောက်မဖြစ်အောင် အဲ့လိုပြန်ဆယ်ပေးရတာပေါ့။ အဲ့ဒီရည်ရွယ်ချက်တွေ ပါ, ပါတယ်။ နည်းနည်းနိမ့်တဲ့နေရာတွေမှာ တာလေးတွေထိုးပြီးတော့ ကျောက်စီနံရံလေးတွေ ချထားပေးရင် ရေကြီးရင်လဲချောင်းထဲမှာပဲ ဆက်စီးမှာပေါ့နော” ဟု ပြောသည်။

ထို့ပြင် လောပိတရေအားလျှပ်စစ် စက်ရုံမှလည်းအဓိက အားထားရသည့်အတွက် ရေစီးရေလာကောင်းမွန် ရန်အတွက် နှုန်းမြေများ ဆယ်ယူရန် လိုအပ်နေပြီဟုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးဌေးက ဆက်ပြောသည်။

“မိုးရာသီမှာ ရေဘယ်လောက်ပဲကြီးကြီး ရေလျှံတာတွေဘာတွေ မရှိတော့ဘူး˝ ဟု ပြောသည်။ ဘုရားဖြူ၊ ဘုရားနီရွာအနီးတဝိုက်ရှိ ဘီလူးချောင်းဘေးတွင် တည်ရှိသောလယ်များသည် ဘီလူးချောင်းရေလျှံမှုကြောင့် ၂၀၁၃ ခုနှစ်တွင် လယ်များအားလုံး ရေနှစ်မြုပ်ခဲ့သည်ဟု မုံပြာရွာက မောင်သန်းစိုးအောင်က ပြောသည်။

“ကျနော်တို့ရွာနဲ့ နီးနားက ဘုရားဖြူ၊ ဘုရားနီ ရွာတွေမှာ လယ်တွေ အကုန်မြုပ်တယ်။ ပြီးတော့ ငွေတောင်ချောင်းကို အမှီပြုတဲ့ အောက်က လယ်ကွင်းတွေလဲ အကုန်မြုပ်တယ်။ ကျွန်တော်တို့ရွာတွေတော့ အကုန်ပါတာပေါ့။ ချောင်းကိုကျောက်စီပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ ဒီဘက်မှာ ကမ်းတွေပြိုတဲ့ နေရာတွေရှိတယ်။ အမြန်လုပ်ပေးရင် ကောင်းတာပေါ့” ဟု ပြောသည်။

၂၀၁၂ ခုနှစ်တွင် မိုးဗြဲဆည်ရေ ဖောက်ချမှုကြောင့် ဘီလူးချောင်းရေလျှံကာ လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့နယ်ရှီ ချောင်းအနီးတဝိုက်ရွာများလည်း ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ကြရသည်ဟု သိရသည်။

၎င်းနှင့် ပတ်သက်၍လည်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဌေးရယ်က လွတ်တော်တွင် မေးမြန်းခဲ့ရာတွင် သမ္မတရုံးဒုတိယ၀န်ကြီး ဦးအောင်သိမ်းမှ ကျပ်သန်းပေါင်း ၄၉၂၀ ကုန်ကျမှာ ဖြစ်၍ ကယားပြည်နယ်အစိုးရ၏ ရန်ပုံငွေနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်ဟု သိရသည်။

No comments: