စည်သူမောင်မောင်
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အရပ်ဝတ်ဖြင့် ပြည်သူတွေနဲ့အတူ ပုသိမ်မြို့ ကံသုံးဆင့်ကျောက်တိုင်တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ၆၇နှစ်မြောက် အာဇာနည်နေ့ (၂ဝ၁၄ခုနှစ်၊ ဇူလိုင်လ ၁၉ရက်) နံနက် ၁ဝနာရီ ၃၇မိနစ်၌ အလေးပြုခဲ့သည်။
"ဒီနေ့အခမ်းနားမှာ ဝန်ကြီးချုပ်ကိုတိုင် ပြည်သူတွေနဲ့ တစ်သားတည်း လာရောက်အလေးပြုတဲ့အတွက် ကြိုဆိုပါတယ်"ဟု ပုသိမ်မြို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးက မဇ္ဈိမကို ပြောသည်။
၎င်းက ဆက်လက်၍ "ပုသိမ်မြို့မှာ ၃နှစ်ရှိပြီး၊ အာဇာနည်နေ့ကို အခမ်းအနား ဝန်ကြီးကိုယ်တိုင်လုပ်ပေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်းကြီးများ ပြခန်းကိုလည်း တိုင်းဒေသကြီး အစိုးရ အနေနဲ့ အမြဲတမ်း ဖွင့်လှစ်ပေးစေချင်တယ်"ဟု ပြောသည်။
၆၇နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရ၏ အစီအစဉ်ဖြင့် ရန်ကုန်၊ နေပြည်တော်အပါအဝင် အခြားမြို့များတွင် ဥသြဆွဲ ဂုဏ်ပြုခြင်း မရှိသော်လည်း ပုသိမ်မြို့တွင်မူ အစိုးရ၏ အစီအစဉ်ဖြင့် မီးသတ်ကားများ၊ သင်္ဘောများဖြင့် ဥသြဆွဲ ဂုဏ်ပြုခဲ့သည်။
"ကြိုဆိုပါတယ်။ တိုင်းဒေသကြီး အစိုးရအား ပြည်သူရဲ့ဆန္ဒကို အလေးထားလုပ်ဆောင်ပေးတယ်လို့မြင်ပါတယ်"ဟု ရေကြည်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက မဇ္ဈိမကို ပြောသည်။
ပုသိမ်မြို့ရှိ ကံသုံးဆင့်ကျောက်တိုင်တွင် ဇူလိုင်လ ၁၉ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လွမ်းသူပန်းခွေချကာ အလေးပြုခဲ့ကြပြီးနောက် နိုင်ငံရေးပါတီများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့အစည်းများက ပန်းခွေချကာ အလေးပြု ခဲ့ကြသည်။
No comments:
Post a Comment