Saturday, July 26, 2014

ယခုနှစ် ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် ငွေအပ်နှံသူများ အမှန်အတိုးနှုန်း တစ်ရာခိုင်နှုန်းကျော်သာ ရရှိမည်

စည်သူအောင်

ယခုလအတွင်း ပြည်တွင်းဘဏ်အချို့ ဘဏ်တိုးနှုန်းတိုးမြှင့်ပေးလာသော်လည်း မြန်မာနိုင်ငံ၏ ယခုနှစ် ငွေကြေးဖောင်းပွမှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် အမှန်အတိုးနှုန်းသည် တစ်ရာခိုင်နှုန်းကျော်သာ ရှိနေသည်။

ပြည်တွင်းဘဏ်များဖြစ်သော သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တို့က ၎င်းတို့၏ငွေစုဘဏ်အပ်ငွေအတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၂၅ရာခိုင်နှုန်းသို့တိုးမြှင့်ပေးခဲ့ပြီး အချိန် ပိုင်းအပ်ငွေအတိုးနှုန်းကို ကာလအပိုင်းအခြားပေါ်မူတည်၍ ၈ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က “ ငွေအပ်သူတွေကိုဆွဲဆောင်နိုင်ဖို့ ဘဏ်တွေက အပ်ငွေအတိုးနှုန်းကို မြှင့်ပေးတာပါ။ ဗဟိုဘဏ်သတ်မှတ်ချက်အရ ငွေစုဘဏ်အပ်ငွေကို ၁၀ ရာခိုင်နှုန်း ထိမြှင့်လို့ရတယ်။ အပြိုင်အဆိုင်လုပ်ကြတာဆိုတော့ စောင့်ကြည့်ရဦးမှာပါ။ ငွေ ကြေးဖောင်းပွမှုနှုန်းက လည်း မြင့်နေတာလည်းပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းထက် အပ်ငွေအတိုးနှုန်းမများရင်လူတွေက အပ် ထားတဲ့ငွေတွေကို ပြန်ဆွဲထုတ်သွားမှာပါ ” ဟု ပြောသည်။

အဆိုပါဘဏ်များက အပ်ငွေများအပေါ် ၀ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၀ ဒသမ ၅၀ ရာခိုင်နှုန်းအထိတိုးမြှင့် ပေးခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်တွင်ပျမ်းမျှ ခုနစ်ရာခိုင် နှုန်း ခန့်ရှိနေသည်။ ငွေကြေးဖောင်းပွမှု နှုန်းများကြောင့် ငွေစုဘဏ်အပ်ငွေများ၏ အမှန်အတိုးနှုန်းသည် ၁ ဒသမ ၂၅ ရာခိုင် နှုန်းခန့်သာရှိပြီး အချိန်ပိုင်းအပ်ငွေများ၏ အမှန်အတိုးနှုန်းသည် ၁ ဒသမ ၅ ရာခိုင် နှုန်းမှ ၂ ဒသမ ၇၅ ရာခိုင်နှုန်းကြားတွင်သာ ရှိနေသည်။

ယခင်နှစ်က ၅ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့သော ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ၂၀၁၄ ခုနှစ် ဧပြီလတွင် သုံးသပ်ထားသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု နှုန်း ခုနစ်ရာခိုင်နှုန်း ရှိ မည်ဟု ဇန်န၀ါရီလက ခန့်မှန်းထားပြီး အာရှဖွံ့ဖြိုးရေးဘဏ်က ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည် ဟု ၎င်း၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာက ဆင်းရဲသားပြည်သူတွေကိုပိုပြီး ဆင်းရဲစေတယ် ” ဟု ကမ္ဘာ့ဘဏ်ရန်ကုန်ရုံးခွဲမှ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ Mr.Kan-than Shankarက ဧပြီလအတွင်း ထုတ် ပြန်တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ယခုပြည်တွင်းဘဏ်များ ဘဏ်တိုးနှုန်းအနည်းငယ်တိုးမြှင့်ခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ် မှတ်ထားသော အပ်ငွေအတိုးနှုန်း ၈ ရာခိုင်နှုန်းထက် မလျော့စေသောနှုန်းနှင့် ချေးငွေအတိုးနှုန်း ၁၃ ရာခိုင် နှုန်းထက်မကျော်လွန်စေသော နှုန်းဘောင်အတွင်းမှ ဆောင်ရွက်ခြင်းဖြစ်သည်။

ပြည်တွင်းဘဏ်များ၏ ၀င်ငွေရရှိမှုကို ချေးငွေထုတ်ချေးမှုမှ အဓိကရရှိနေခြင်းဖြစ်ပြီး လက်ရှိ ချေးငွေအ တိုးနှုန်းသည် အပြောင်းအလဲမရှိဘဲ ၁၃ ရာခိုင်နှုန်းသာဖြစ်သည်။

No comments: