ABC
ထိုင်းမြန်မာနယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်လည် ပို့ဆောင် နိုင်ဖို့ ထိုင်းနဲ့ မြန်မာ အစိုးရတို့ ပူးပေါင်း လုပ်ဆောင် သွားမယ့် ဆိုတဲ့ သတင်းတွေ ကြောင့် ဒုက္ခသည် တွေဘက်က စိုးရိမ် နေကြ ပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည် တစ်သိန်း သုံးသောင်း ကျော် နေရပ် ပြန်နိုင်ရေး အတွက် မြန်မာ အစိုးရနဲ့ သဘော တူညီမှုရရှိ ထားပြီး ဖြစ်တယ်လို့ ဇူလိုင်လ ၁၄ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း စာမှာဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွန်ခဲ့တဲ့ အပတ်က ထိုင်းနိုင်ငံကို ရောက်ရှိ လာပြီး ထိုင်း စစ်အစိုးရ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။
ဒုက္ခသည် အများစုက မြန်မာနိုင်ငံမှာ လုံခြုံ စိတ်ချရတဲ့ အနေ အထား မရှိသေးတဲ့ အတွက် မြန်မာနိုင်ငံ ဘက်ပြန်လိုတဲ့ ဆန္ဒမရှိကြဘူးလို့ ဒုက္ခသည် တစ်ဦးက အခုလိုပြောပါတယ်။
"တအားစိုးရိမ်တာပေါ့ အခုက လူတွေရဲ့ အပြုံးကတောင်မှ အားမရှိတော့ဘူး၊ တယောက်နဲ့ တယောက်ပြုံးပြရတာ တောင်မှ ပြန်ပို့တော့မယ် ဆိုတော့လေ အဲဒါ အားလုံးက စိတ်တော်တော် ညစ်သွားကြတယ်၊ တချို့ကပြောတာတော့ မတတ်နိုင်တော့ဘူးပေါ့နော် မလွန်ဆန်နိုင်တော့ ဘယ်လိုလုပ်မှာတုန်း ပြန်ရတော့မှာပေါ့နော်၊ မပြန်ချင်ကြဘူး လုံးမပြန်ချင်ကြဘူး ဘာဖြစ်လို့လည်းဆိုရင် ဗမာပြည်မှာ ဒီထက်ဒုက္ခရောက်တဲ့သူတွေတပုံကြီးရှိတယ်လေ၊ နောက်ပြီးတော့ တချို့ အိုးမဲ့ အိမ်မဲ့ လည်း ဖြစ်ကုန်ပြီလေ၊ မြန်မာနိုင်ငံကအစိုးရကို လုံးဝမယုံဘူးတဲ့ တချို့လူက အဲလိုပြောတယ်လေ၊ ဒါပေမဲ့ ဘယ်လိုလုပ်ရတော့မှာလည်း အခုအားလုံးက စိတ်ဓါတ်ကျပြီ၊ စိတ်ဓါတ်တွေလည်းယို ယွင်းကုန်ပြီတကယ်။"
ထိုင်းစစ်အစိုးရကတော့ မြန်မာ ဒုက္ခသည်တွေ အဆင်ပြေပြေ နေရပ်ပြန် နိုင်ရေးအတွက် အကူအညီ ပေးသွားမယ် လို့ဆိုပေမယ့် ဒုက္ခသည်တွေ ဘက်ကတော့ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်စားသောက်ရေး၊ အလုပ်အကိုင်တွေနဲ့ လုံခြုံစိတ်ချရမှုတွေ အဆင်သင့်မဖြစ်သေးတဲ့အတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။
ထိုင်းစစ်အစိုးရ အနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ နိုင်ရေး အတွက် နယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် စခန်း ၉ခုမှာ လူဦးရေ စိစစ်တာတွေ၊ တွေဆုံ မေးမြန်း တာတွေ ပြုလုပ်သွားဖို့ ရှိနေပြီး မယ်လဒုက္ခသည် စခန်းကိုတော့ အခုလ ၁၈ရက်နေ့မှာ ၀င်ရောက် စစ်ဆေးဖို့ ရှိနေတယ်လို့ ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment