Sunday, July 6, 2014

UNFCနှင့် ပြည်တွင်း အတိုက်အခံ နိုင်ငံရေးအင်အားစုများတွေ့ဆုံအပြီး ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်များရ

ဖနိဒါ

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ပြည်တွင်းမှ အတိုက်အခံ နိုင်ငံရေးအင်အားစုတို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဇူလိုင် ၃ရက်နှင့် ၄ရက် နှစ်ရက်ကြာတွေ့ဆုံပြီး အပစ်ရပ်ရေးတွင် ပါဝင်ရမည့်အချက်အများအပါအဝင် အချက် ၆ချက် သဘောတူညီချက် ရရှိခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသေဘာတူညီချက်နှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များ ညီညွတ်မှုကို အခြေခံပြီး တညီတညွတ်တည်းဆုံးဖြတ်ရန် အကြံပြုခြင်း၊ အားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံတစ်ရပ် ကျင်းပသွားရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ပြည်တွင်း ဒီမိုကရေစရက်တစ်အင်အားစုများ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို သဘောတူခဲ့ခြင်း ဖြစ်သည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စရယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အကြံပြုချက်တွေရယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးဆိုတဲ့ ကိစ္စတွေရယ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့ဆက် ဒီထက်အားကောင်းအောင် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးတယ်”ဟု UNFC တွဲဘက် အတွင်းရေးမှူး ပဒိုမန်းမန်းက မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသေဘာတူညီချက် စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံရေးအရ အာမခချက်ရှိပြီး တစ်စုတစ်စည်းတည်း ရင်ဆိုင်ဖြေရှင်းကြရန် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

ပထမနေ့ ဆွေးနွေးပွဲအပြီးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးကို လိုင်ဇာလိုင် မြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သေးသည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။ ယင်းဆွေးနွေးပွဲကို ကြိုဆိုကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ဦးကိုကိုကြီးက ဆိုသည်။

“လိုင်ဇာ တိုင်းရင်းသားထိပ်သီးအစည်းအဝေးကို ကြိုဆိုတယ်။ အဲဒီကနေပြီးတော့ တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ လက်မှတ်ထိုးတဲ့အခါမှာ နိုင်ငံရေးအရ အာမခံချက်ရှိဖို့၊ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာသည့်အထိ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ကျွန်တော်တို့ အားလုံး သဘောတူညီချက်တွေ ချမှတ်ခဲ့တယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်အား နောင်မျိုးဆက်သစ်များအား လက်ဆင်ကမ်းခြင်း မရှိတော့ဘဲ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ဆောင်ရွက်သွားကြရန် မျှော်လင့်ထားသည်ဟု သူက ဆိုသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်တွင်းမှ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းရင်းသားရေးရာ ကော်မတီ၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း၊ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးဦးဆောင်ကော်မတီ၊ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

No comments: