Wednesday, August 27, 2014

88 မျိုးဆက်လူမူဖွံ့ဖြိုးရေးအဖွဲ့ (ရခိုင်) ဖွဲ့စည်း

နိရဉ္စရာ

မြောက်ဦးမြို့တွင် ယခုလ ၂၃ ရက်နေ့ တွေ့ဆုံခဲ့ကြသော ရှစ်ဆယ်ရှစ် ရခိုင် ကျောင်းသားဟောင်းများမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ရန် 88 မျိုးဆက်လူမူဖွံ့ဖြိုးရေးအဖွဲ့ (ရခိုင်) ကို ဖွဲ့စည်းခဲ့ကြသည်ဟု သတင်း ရရှိသည်။

ကျောင်းသားဟောင်း (၂၃) ဦးတက်ရောက်ခဲ့သော မြောက်ဦးမြို့ ညောင်ပင်ဈေး ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော အစည်းအဝေးမှ အားလုံး၏ သဘောတူညီချက်ဖြင့် ၎င်းအဖွဲ့အား ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးသန်းနိုင်က ဆိုသည်။

အဖွဲ့အစည်းအား ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ အဓိက (၂) ချက်ရှိကြောင်း၊ နံပတ်တစ်မှာ ရခိုင်ပြည်နယ်၏ လူမူဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် နှင့် နံပတ်နှစ်မှာ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တို့အတွက် ဖြစ်ကြောင်းသူက ပြောသည်။

၎င်းပြင်ပိုမိုကျယ်ပြန့်သော ကျောင်းသားဟောင်းများ အားလုံးတက်ရောက်နိုင်သည့် အစည်းအဝေးတစ်ခုကို စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ကျောက်ဖြူမြို့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူု ရှစ်ဆယ့်ရှစ်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ မြေပုံလွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဝင်း ယခုကဲ့သို့ အဖွဲ့အစည်း တစ်ခု ပေါ်ပေါက်လာသည်မှာ ကောင်းသော လက္ခဏာဖြစ်ကြောင်း ပြောဆိုသည်။

“ နှစ်ပေါင်း ၂၀ ကျော်က ကွဲကွာနေကြတဲ့သူတွေ ပြန်လည် စုစည်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကြမယ်ဆိုတာက ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ရခိုင်ပြည်အကျိုးကို ဆောင်ရွက်လိုတဲ့ အမျိုးသားရေးကို စိတ်ရှိသူတွေ ပြန်လည်စုစည်းပြီး ရခိုင်ပြည်နယ် အနာဂတ် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြမှာ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အကျိုးစီးပွားသာမက ရခိုင်နိုင်ငံရေးအင်အားစုတွေ အကြား မညီညွှတ်မူတွေကိုပါ ထိန်းညှိပေးမှာ ဖြစ်တဲ့ အတွက် ကျနော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

မြောက်ဦးတွင် ပြုလုပ်သော အစည်းအဝေးသို့ ရှစ်ဆယ့်ရှစ် ရခိုင်ကျောင်းသားဟောင်းများ ဖြစ်ကြသည့် ဦးတင်လှ၊ ဦးမောင်မောင်၊ ဦးအောင်ဝင်း၊ ဦးအောင်ကျော်မင်း၊ ဦးသန်းကျော်၊ ဦးပြည်သိန်း (ထွန်းထွန်း)၊ ဦးလှစောမောင်၊ ဦးသာရွှေ၊ ဦးစံသိန်း၊ ဦးစန်းမြင့်၊ ဦးစောရွှေမောင်၊ ဦးတိုက်အောင်၊ ဦးဝင်းမောင်၊ ဦးကျော်လိုင်၊ ဦးသန်းနိုင်၊ ဦးကျော်သန်း၊ ဦးတင့်ဆွေ၊ ဦးမောင်သောင်းစိန်၊ ဦးလှမောင်သန်း၊ ဦးကျော်ဝင်း၊ ဦးထွန်းကြည်၊ ဦးစိုလင်းနှင့် ဦးမောင်သောင်းရွှေတို့တက်ရောက်ခဲ့ကြသည်။

No comments: