ဇာဏီထွဏ်း
ငလျင်လှုပ်ပါက အနီးကပ် အန္တရာယ်ရှိသော ဒေသများဖြစ်သည့် ပဲခူး၊ တောင်ငူ၊ စစ်ကိုင်းမြို့များအတွက် ငလျင်အန္တရာယ် အနုစိတ်ပြမြေပုံမူကြမ်း ထွက်ရှိခဲ့ပြီးနောက် အချောသတ်မြေပုံရေးဆွဲမှုကို ၂ဝ၁၄ နိုဝင်ဘာတွင် ပြီးစီးမည်ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောသည်။
ပဲခူး၊ တောင်ငူ၊ စစ်ကိုင်းမြို့အတွက် ငလျင်အန္တရာယ် အနုစိတ်ပြ မြေပုံကို ၂ဝ၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ပြီး ဧပြီလတွင် မူကြမ်းပြီးစီးခဲ့ရာ အင်ဂျင်နီယာပိုင်း လိုအပ်ချက်များ ရှိနေသည့်အတွက် အသေးစိတ် ပြင်ဆင်နေခြင်းဖြစ်သည်။
ငလျင်ဖြစ်နိုင်ခြေများကို ဘူမိဗေဒအရ ဖြစ်လာနိုင်သည့် ကာလ၊ လှုပ်ခတ်နိုင်သည့် ပမာဏ၊ ငလျင်လှုပ်ခတ်ပါက မြို့သို့ ငလျင်လှိုင်းလာရောက်နိုင်သည့် အနေအထား၊ မြို့နှင့် ငလျင်ကြော မိုင်အကွာအဝေး စသည်တို့အပြင် အင်ဂျင်နီယာနည်းအရ ငလျင်ဒဏ်ခံနိုင်ရန် အဆောက်အဦ တည်ဆောက်မှု၊ ငလျင်လှုပ်ခတ်ပါက ထိခိုက်ခံရနိုင်ခြေများ လေ့လာပြီး ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးသူရထွန်းက ပြောသည်။
"ပြတ်ရွေ့ကြောပေါ်ကျနေတာက ပဲခူးနဲ့ စစ်ကိုင်း၊ တောင်ငူကတော့လှမ်းတယ်။ ဒါပေမယ့် တောင်ငူက စစ်တောင်းမြစ်ရဲ့ မြေနုကျွန်းပေါ်မှာ ရှိတာကြောင့် သတိထားသင့်တဲ့ နေရာဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းပြတ်ရွေ့ကြောတွင် ငလျင်လှုပ်ခတ်မှုသည် နှစ်ပေါင်း ၁ဝဝကြားတွင် ဖြစ်ပေါ်တတ်သည်။ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ၇ ဒသမ ၅ ရစ်ခ်ျတာစကေး ပမာဏရှိသော ငလျင်သည် လွန်ခဲ့သော နှစ်ပေါင်း ၅ဝကျော်က လှုပ်ခတ်ခဲ့ပြီး နောက်လှုပ်မည့် ငလျင်အန္တရာယ်မှာ နောင်နှစ်ပေါင်း ၄ဝ အတွင်း ၇ ဒသမ ၅ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင် ဖြစ်နိုင်ခြေရှိသည်ဟု လည်း ဦးစိုးသူရထွန်းက ဆက်လက်ပြောသည်။
" အခုချိန်မှာ လှုပ်ရင်တော့ ၆ ဒသမ ၅ ကနေ ၆ ဒသမ ၈လောက်တော့ရှိမယ်။ ငလျင်က အချိန်ကြာတာနဲ့အမျှ လှုပ်တဲ့ ပမာဏ ကြီးတယ်။"ဟု ၎င်းက ဆိုသည်။
ယင်းမြေပုံရေးဆွဲရေးအတွက် ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ပြန်လည်ထူထောင်ရေးအစီအစဉ် UN HABITAT နှင့် ECHO တို့က ရန်ပုံငွေ ထောက်ပံ့ပေးရာ အမေရိကန် ဒေါ်လာ နှစ်သိန်းခန့် ကုန်ကျသည်ဟု သိရသည်။
No comments:
Post a Comment