ကျော်စွာဝင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းစည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည့် အစီအစဉ်ကို ဇူလိုင် ၂ ရက်က ထုတ်ပြန်ကြေညာပြီးနောက် တစ်လအတွင်း ယာဉ်အစီးရေ ၁,၁၅၂ စီးအထိ ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ရဲအုပ်ဇော်မျိုးနိုင်က ပြောသည်။
"မော်တော်ယာဉ်တွေ များလာတာနဲ့အမျှ ယာဉ်စည်းကမ်းဖောက်ဖျက်မှု များလာတာ ဓမ္မတာတစ်ခုပါ။ ဘယ်ယာဉ်မဆို လစ်ရင် ယာဉ်စည်းကမ်းဖောက်ဖျက်တာတွေကို လုပ်ဆောင်နေကြတာပါ။ ကျွန်တော်တို့က ပြစ်မှုအတွက် ဖမ်းဆီးအရေးယူတာက ပြစ်ဒဏ်ပေးဖို့ ဆိုတာထက် စည်းကမ်းရှိဖို့အတွက်ပါ" ဟု ဒုရဲမှူးမျိုးအောင်မြင့်က ဆိုသည်။
လက်ရှိဖမ်းဆီးရမိသည့် ၁၁၅၂ စီးတွင် မီးနီဖြတ်မောင်းမှု ၉၉ စီး၊ ယာဉ်နှစ်ထပ်ရပ်၇၄ မှု၊ မီးပွိုင့်လူအတင်အချ ၃၅ မှု၊ စတေကာကပ် ၁၅၂ မှု၊ ကြားကားဆွဲ ၄၅ မှု၊ဟွန်းသံရှည်တီး ၁၂မှု၊မဝင်ရလမ်းဝင် ၃ဝ မှု၊ မရပ်ရလမ်းများ ရပ် ၅၉၄ မှု၊ ကွန်တိန်နာ လော့ဘုမတပ် ၄မှု၊ စက်ပျက်ယာဉ်မရွေ့၆မှု၊ ယာဉ်နောက်တွယ် ၉မှု၊ ၁၂ ပုဒ်မ ၂၁/၆၄အရ အရေးယူ ၈၉မှု၊ ရပ်ထားစဉ်တံခါးဖွင့် ၃ မှုတို့ ဖြစ်သည်။
ယင်းအမှုများသည် စတင်ဖမ်းဆီးသည့် ဇူလိုင် ၁၁ ရက်မှာ ဇူလိုင် ၃၁ ရက်အတွင်းဖြစ်ပြီး စည်းကမ်းမဲ့ယာဉ် ၁၉၅ စီးကို က.ည.နသို့ ပေးပို့အကြောင်းကြားကာ လိုင်စင်ပိတ်သိမ်း အရေးယူထားပြီးဖြစ်သည်။
"စည်းကမ်းဖောက်ယာဉ်တွေကို အရေးယူတဲ့ အခါ ကျွန်တော်တို့က (record )မှတ်တမ်းယူထားပြီး သူတို့လိုင်စင်သက်တမ်းတိုးမှအရေးယူလို့ရတာပါ" ဟု ရဲအုပ်ဇော်မျိုးနိုင်က ဆိုသည်။
No comments:
Post a Comment