Saturday, August 2, 2014

၂၀၁၈ ခုနှစ်မှစတင်ကာ ထုတ်လုပ်သက်တမ်း ငါးနှစ်အတွင်းရှိ ကားများကိုသာ သွင်းခွင့်ပြုမည်

ထင်လင်းအောင်

လာမည့် ၂၀၁၈ ခုနှစ်တွင် ပြည်တွင်းသို့ ထုတ်လုပ်မော်ဒယ်သက်တမ်း ငါးနှစ်အတွင်း ကားများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောခဲ့သည်ဟု ၀ါရင့်ကားဝယ်ရောင်းဖြစ်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က မဇ်္ဈိမကို ပြောသည်။

မော်တော်ယာဉ် တင်သွင်းရောင်းချခြင်းကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကို ဇူလိုင်လ ၂၈ ရက် က ရန်ကုန်မြို့ စီးပွား/ကူးသန်းရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲတွင်ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း က ကားအရောင်းစင်တာလုပ်ငန်းများ ၊ တစ်ဦးချင်းဝယ်ရောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးအောင်ဇော်ဦး (အရည်ကြို)က “တဖြည်းဖြည်းနဲ့ ပြည်တွင်းမှာ မော်ဒယ်မြင့်ကားတွေပိုဖြစ်လာဖို့အတွက် ၂၀၀၈ ခုနှစ် ကစပြီး ထုတ်လုပ်သက်တမ်း ငါးနှစ်အတွင်း ကားတွေကိုပဲ တင်သွင်းခွင့်ပြုတော့မယ်တဲ့။ လုပ် ငန်းရှင်တွေ အားလုံးရှေ့မှာပြောခဲ့တာ” ဟု မဇ်္ဈိမကို ပြောသည်။

လက်ရှိတွင်မူ တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းသူများမှအပ အခြားသောယာဉ် တင်သွင်းခွင့်ပါမစ်များတွင် ထုတ်လုပ်မော်ဒယ်သက်တမ်း ၁၄နှစ်အထိ ယာဉ်များကို တင်သွင်းခွင့်ပေးထားခြင်းဖြစ်သည်။

ထို့အတူကားတင်သွင်းခွင့် ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များနှင့် အစိုးရဌာနများအကြား အခက်အခဲဖြစ် နေသည့် အချို့အချက်များကို လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတစ်ရပ်ကိုလည်း သြဂုတ်လအတွင်း ထပ်မံပြုလုပ်ပေရန်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ် တင်သွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ သြ ဂုတ်လ ၁၆ ရက်မှာ လုပ်မယ့်ဆွေးနွေးပွဲက လက်ရှိ အခြေအနေတွေမှာ အခက်အခဲရှိနေတာတွေကို ဘယ် လိုပြေလည်အောင်လုပ်မလဲ ဆိုတာဆွေးနွေးမှာပါ။ ပြီတော့ ကားမူဝါဒ ပြောင်းလဲမှုလုပ်ခဲ့ရင်လည်း သက် ဆိုင်ရာ ကဏ္ဍတွေအားလုံးက သိပြီးတော့ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့အကြံပြုချက်တွေနဲ့ ပေါင်းစပ်ပြီးမှ လုပ်နိုင်အောင် ဆွေးနွေးနိုင်ဖို့ဖြစ်ပါတယ် ” ဟု ပြောသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကားမူဝါဒအပြောင်းအလဲ ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့သော်လည်း မူဝါဒ ပြောင်းလဲမှုလုပ်ပြီးမှသာ ကားလုပ်ငန်းနှင့်သက် ဆိုင်သောနယ်ပယ်များက သိရခြင်းကြောင့် ဈေးကွက် အတွင်း အခက်အခဲရှိခဲ့သည်ဟု ဒေါက်တာစိုးထွန်းက ဆက်လက်ပြောသည်။

ကားတင်သွင်းမူဝါဒများအရ အိုဟောင်းယာဉ်ပါမစ်ဖြင့် တင်သွင်းသည့်ကားများကိုမူ ၂၀၀၀ မှ ၂၀၀၉ ခုနှစ်အတွင်း ထုတ်လုပ်မော်ဒယ်သက်တမ်းနှင့် တစ်ဦးချင်းပါမစ်ဖြင့်တင်သွင်းပါက ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိထုတ်လုပ်မော်ဒယ်သက် တမ်းကားများကို တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။ ထို့အတူ အရောင်းစင်တာ တင်သွင်းခွင့်များကိုလည်း အိုဟောင်းယာဉ်ပါမစ်ဖြင့်တင်သွင်းသည့် ထုတ်လုပ်မော်ဒယ် ကားများအတိုင်း တင်သွင်းခွင့်ပြု ထားသည်။

No comments: