Monday, August 4, 2014

သျှမ်းပြည်တောင်ပိုင်းက လသားအရွယ်ကလေး သာမာန် ဦးခေါင်းထက် နှစ်ဆပိုကြီး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း နမ့်စန် မြို့နယ် ခိုလမ် မြို့နယ်ခွဲ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆေးရုံ၌ ကျေးလက် အမျိုးသမီး တဦးမှ မွေးဖွားသည့် ကလေးငယ် တဦးသည် မွေးရာပါ ခေါင်းကြီး ရောဂါကြောင့် ဦးခေါင်း တနေ့တခြား ပိုမို ကြီးထွားလာရာ သာမာန် ဦးခေါင်းထက် နှစ်ဆ ပိုကြီး နေသည်ဟု ဆိုပါသည်။

တနေ့တခြား ဦးခေါင်းကြီးမားလာသည့် လသားအရွယ် နန်းဟွမ်ဆိုင်အား အဘ စိုင်းနွံမိန်း အမိ နန်းခေါင်တို့မှ မွေးဖွား ခဲ့ပါသည်။ သာမာန်သန္ဓေသားထက် ဦးခေါင်းပိုကြီးနေသောကြောင့် စစ်ဆေးရုံ၌ ဗိုက်ခွဲ မွေးရကြောင်း၊ လက်ရှိ ၎င်း၏ ဦးခေါင်းမှာ ၅၈ စင်တီမီတာ ရှိနေပြီ ဖြစ်ကြောင်း မိခင် ဖြစ်သူက ပြောသည်။

“ စစ်ဗိုလ်ဆရာဝန်ကပြောတယ်။ စောစောခွဲစိပ်လေပိုကောင်းလေပေါ့။ ဦးခေါင်းခွံမာလာရင်ခွဲ လို့မရတော့ဘူးတဲ့။ ရန်ကုန်ကိုသွားခွဲရင်ခွဲ မခွဲရင် ထိုင်းမှာသွားခွဲရင်ပိုကောင်းတယ်လို့ပြောတယ်။ ကျမတို့က လယ်ယာလုပ်ကိုင်စားသောက်တဲ့လူတွေဘဲဆိုတော့ ထိုင်းတွေဘာတွေသွားပြီးကုနိုင်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့် ခိုလမ်မြို့တက်ပြီး အမျိုးတွေဆီမှာခိုလှုံနေတယ်အခု။ ကလေး ကံကောင်းရင် ပြည်တွင်း ပြည်ပ စေတနာရှင်တွေပေါ်လာရင်လည်း ခွဲစိပ်ရမယ်လေ” ဟုမိခင်ဖြစ်သူ နန်းခေါင်ကပြောသည်။

ကလေး၏ဖခင်မှာအသက် ၂၁ နှစ်ရှိပြီး မိခင်မှာ အသက် ၁၉ နှစ်ရှိကြောင်း နမ့်ဇန်မြို့နယ် နားပွဲအုပ်စု ခေးနင်းရွာဒေသခံဖြစ်ကြောင်း၊ နန်းဆိုင်ဟွမ်အား ဂျွန်လ ၁၀ ရက်နေ့က မွေးဖွားခဲ့ကြောင်း ယနေ့တိုင် ၂ လ နီးပါးရှိပြီဖြစ်သော်လည်း ခွဲစိပ်ကုသပေးရန် အစိုးရဘက်မှ ဆက်သွယ်လာခြင်းမရှိကြောင်း၊ ထို့ ကြောင့် ရပ်နီးရပ်ဝေးမှစေတနာရှင်များအား စောင့်မျှော်နေရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောပါ သည်။

မွေးရာပါ ဦးခေါင်းကြီးမှုကို Hydrocephalus ဟု ခေါ်ဆိုပြီး ဦးခေါင်းအတွင်း အရည်စီးဆင်းမှု ရပ်တန့်ခြင်း CSF ကြောင့်ဖြစ်ကြောင်း ချင်းမိုင်တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာန၏ OB.GYN ဝက်ပ်ဆိုက်တွင် ဖော်ပြထားပါသည်။

ထိုသို့ မဖြစ်ရလေအောင် အသက်ငယ်ရွယ်လွန်းသူများ ကိုယ်ဝန်ယူခြင်းမှရှောင်ရှားသင့်ကြောင်း၊ ကိုယ်ဝန်နုစဉ် ကိုယ်ဝန်ဖျက်ချခြင်း မပြုသင့်ကြောင်း၊ ပြင်းထန်သောထိခိုက်မှု မရှိရလေအောင် ဂရုစိုက်ပြုသင့်ကြောင်း၊ ပထမကလေးမှာ ခေါင်းကြီးနေပါက ဒုတိယကလေးလည်း ခေါင်းကြီးနိုင်ဖွယ် ရှိကြောင်း၊ သွေးသားနုနယ်စဉ် မိခင်ဖြစ် သူမှာကိုယ်ဝန်ထပ်မယူသင့်ကြောင်း လည်း ဖော်ပြထားသည်ကိုတွေ့ရသည်။

၂ လသားအရွယ် ဦးခေါင်းကြီးသည့် နန်းဟွမ်ဆိုင်အား ခွဲစိပ်ကုသရေးအတွက် ပါဝင်ကူညီလိုသည့် စေတနာရှင်များ အောက်ဖော်ပြပါ ဘဏ်အကောင့်သို့ သဒ္ဓါတတ်အားသရွေ့ ကူညီပေးပို့နိုင်ပါကြောင်း လည်း အကြောင်းကြားအပ်ပါသည်။

အဆိုပါ အလှူငွေများအား နန်းဟွမ်ဆိုင်၏မိဘထံသို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှ ကူညီကယ်ဆယ်ရေး သျှမ်းအဖွဲ့က တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ပါသည်။

No comments: