စ ချိုကိုကို၊ နန်းလွင်နှင်းပွင့်
သြဂုတ်လ ၂ ရက်တွင် ကုမ္ပဏီမှ အရောင်းကောင်တာစဖွင့်ကာ ရောင်းချခဲ့သည့် အူရီဒူး (Ooredoo) ဆင်းကဒ်များအား ကျပ် ၁၅ဝဝ ထက် ပိုမိုရောင်းချသည့် ဆိုင်များတွင် မဝယ်ယူကြရန် အူရီဒူး၏ အမှုဆောင်အရာရှိချုပ် Mr . Ross Cormack က ဝယ်ယူသုံးစွဲသုံးစွဲသူများအား သတိပေး ပြောဆိုလိုက်သည်။
Mr. Ross Cormack က “သတ်မှတ်ထားတဲ့ဈေး ကျပ်၁၅ဝဝ ထက်ပိုပြီး ရောင်းရင် အခြားဆိုင်မှာ သွားဝယ်ပါ၊ နောက်ကျရင်တော့ ဈေးတွေက တစ်သတ်မှတ်တည်း ဖြစ်သွားမှာပါ" ဟု Mr . Ross Cormack က ပြောသည်။
အူရီဒူး ဆင်းကတ်ဒ်များအား ကိုယ်စားလှယ် ရောင်းချပေးနေသည့် ဆိုင်အချို့တွင် ၁၅ဝဝ ကျပ်ဖြင့် မရောင်းချဘဲ ၅ဝဝဝ ကျပ်နှင့် ၈၅ဝဝ ကျပ် ဝန်းကျင်အထိ ရောင်းချနေပြီး ဖုန်းပိုင်ဆိုင်ကြောင်း စာချုပ်ယူလိုပါက ၃၅ဝဝ ကျပ် ထပ်မံပေးနေရသည်ဟု ဆင်းကတ်ဒ်ဝယ်ယူထားသူများက မဇ္ဈိမကိုပြောသည်။
တာမွေမြို့နယ်၊ ၁၅၃ လမ်းတွင် နေထိုင်သူ မစုစုဌေးက “ ကျွန်မက ဆင်းကတ်ဒ်ပဲ လိုချင်တာ၊ ဒါပေမယ့် ဟန်းဆက်ဝယ်မှ ဆင်းကတ်ဒ်ပေးမယ် ပြောလို့ မဝယ်လိုက်တော့ဘူး" ဟု ပြောသည်။
ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးရှိ ဖုန်းဆိုင်တစ်ဆိုင်မှ မန်နေဂျာ ကိုစိုးပိုင်သူက “ကျွန်တော်တို့ ဆိုင်က ဈေးစတက်တာမဟုတ်ဘူးဗျ၊ အခြားမှာ ဒီလိုပဲ ၅ဝဝဝ နဲ့ ရောင်းတယ်၊ ၆ဝဝဝ ကျပ်နဲ့ ရောင်းနေတယ်ဆိုတော့ လိုက်ရောင်းတာပဲ"ဟု ပြောသည်။
ထိုသို့ ဈေးနှုန်းမြင့်တတ်၍ ကွာခြားစွာ ရောင်းချနေသည့် ဆိုင်များကို ကုမ္ပဏီမှ စုံစမ်းကာ ဈေးတင်မရောင်းရန် ပြောသွားမည်ဖြစ်ပြီး ဈေးနှုန်းများ တစ်ပြေးညီ ဖြစ်သွားစေရန် မကြာမီ အချိန်အတွင်း ဆောင်ရွက် သွားမည်ဟု သိရသည်။
ဈေးကွက်ဝယ်လိုအား နှင့် အညီ သုံးစွဲလိုသူများ အဆင်ပြေစေရန် ၂ဝ၁၄ နှစ်ကုန်အထိ ဆင်းကတ်ဒ် ၂၃.၄ သန်း ရောင်းချပေးသွားမည်ဖြစ်သဖြင့် ဝယ်ယူသုံးစွဲသူများအနေဖြင့် မစိုးရိမ်ကြပါနှင့်ဟု Mr Ross Cormack က ကတိပြုပြောဆိုသည်။
ပြင်ပ ပုဂ္ဂလိက ဖုန်းဆိုင်ရှိ ဈေးကွက်တွင် အူရီဒူး ဆင်းကတ်ဒ် များမှာ သာမာန်ထက် ဈေးနှုန်းမြင့်တတ် နေခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ် ဒါရိုက်တာ ဦးမြင့်ဇော်က “ အရောင်းကောင်တာက သြဂုတ် ၂ရက်ကမှ စဖွင့်တာ အဲ့မတိုင်ခင်မှာ ဆိုင်တွေကို ပစ္စည်းရောင်းဖို့ လိုက်ဖြည့်ပေးထားတာ၊ ဒါကို တချို့ဆိုင်တွေက ထုတ်ရောင်းရင်းဈေးတွေက တစ်မျိုးဖြစ်ကုန်တာ"ဟု ပြောသည်။
အူရီဒူး ဆင်းကတ်များကို သြဂုတ်လ တစ်ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် တစ်ပြိုင်နက် တရားဝင် ရောင်းချခြင်းဖြစ်ပြီး နေပြည်တော်နှင့် မန္တလေးတွင်မူ ဇူလိုင်လ ၂၉ရက်တွင် စတင်ရောင်းချခဲ့ပြီး ရန်ကုန်တွင်မူ ဖုန်းအရောင်းဆိုင်အချို့က ဇူလိုင်လ ၃ဝရက် ညနေမှ စတင်ကာ ရောင်းချခဲ့သည်။
လက်ရှိတွင် သြဂုတ်လ ၁၄ရက်အထိ ဝန်ဆောင်မှုအနေဖြင့် အူရီဒူး ဆင်းကတ်အချင်းချင်း ဖုန်းခေါ်ဆိုပါက မိနစ် ၉ဝဝ၊ မက်ဆေ့ အဆောင် ၉ဝဝ နှင့် အခြားဖုန်းကို ခေါ်ဆိုပါက မိနစ် ၉ဝ၊ မက်ဆေ့ အဆောင် ၉ဝ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက် ၂ဝ မက်ဂါဗိုက် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
No comments:
Post a Comment