Tuesday, December 30, 2014

တရုတ်သံရုံးရှေ့တွင် ဆန္ဒြုပခွင့်မပေး၍ လုံခြုံရေးရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်

မင်းမင်း

လက်ပံတောင်းတောင်စီမံကိန်းကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအပေါ် ကျေနပ်မှုမရှိ၍ ရန်ကုန်မြို့ တရုတ်သံရုံး ရှေ့သို့ သွားရောက်ဆန္ဒပြသူများကို လုံခြုံရေးအထပ်ထပ်ချပြီး သံရုံးရှေ့ဆန္ဒပြခွင့် မပေးသောကြောင့် သံရုံးရှိရာ ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ဒီဇင်ဘာ ၂၉ရက်၊ ည၆နာရီခွဲက ဆန္ဒပြသူများနှင့် လုံခြုံရေးရဲများကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည်။

လုံခြုံရေးရဲများက တရုတ်သံရုံးရှိရာ ပြည်ထောင်စုရိပ်သာလမ်းကို လုံခြုံရေးစည်းအထပ်ထပ် ချထားမှုအပေါ် ဆန္ဒပြသူများက လုံခြုံရေးစည်းကျော်ပြီး သံရုံးရှေ့တွင်ဆန္ဒပြရန်ကြိုးစားရာမှ ရုန်းရင်း ဆန်းခတ်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများက လုံခြုံရေးစည်းကိုကျော်ပြီး သံရုံးရှေ့သို့ သွားရောက်ဆန္ဒထုတ်ဖော်ရန်ကြိုးစားရာတွင် လုံခြုံရေး ရဲများက ဒိုင်းများဖြင့် တားဆီးပိတ်ပင်ခဲ့သလို ဒိုင်းများကို နံပါတ်တုတ်ဖြင့်တီးခေါက်အသံ ပေးပြီး ဟန့်တားခဲ့ သည်။

တရုတ်သံရုံးရှိရာ ပြည်ထောင်စုရိပ်သာလမ်းတစ်ဖက်စီတွင် ရာဂဏန်းရှိသည့် လုံခြုံရေးရဲများချ ထားသလို အဝါရောင်းစည်းတားထားခြင်း၊ သံဆူးကြိုးများဖြင့် လမ်းပိတ်ထားခြင်း၊ ရဲကားများအား ကန့်လန့်ဖြတ်ပြီး လမ်းပိတ်ထားခြင်းနှင့် ဒိုင်းများကိုကာပြီး အသင့်အနေအထားသဖွယ် လုံခြုံရေးယူ ထားခဲ့သည်။

ဆန္ဒပြသူများအနေဖြင့် ဥပဒေနှင့်မညီဘဲ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည့်အတွက် သံရုံးရှေ့သို့ ဖြတ်သန်းခွင့်မပြုနို င်သလို ပြန်လည်ထွက်ခွာရန် သတိပေးခဲ့သော်လည်း ဆန္ဒပြသူများက နောက် ဆုတ်ခြင်းမရှိခဲ့ပေ။

ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်က “လုပ်ထုံးလုပ်နည်းအရ တားတာဆိုရင် လက်ပံတောင်းမှာဖြစ်ခဲ့တာ (ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်တာ)ကရော လုပ်ထုံးလုပ်နည်းပဲလား” ဟု မေးခွန်းထုတ်ခဲ့ကာ အပြန်အလှန် တင်းမာခဲ့သည်။

ယခုကဲ့သို့ တရုတ်သံရုံးရှေ့သို့ သွားရောက်ဆန္ဒပြမှုသည် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအတွင်းရှိ လယ်ယာမြေများအား တရုတ်နိုင်ငံရှိ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများက ခြံစည်းရိုး ဝင်ခတ်ရာတွင် ဒေသခံတောင်သူများက ကန့်ကွက်ခဲ့ခြင်းကြောင့် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့တို့က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ၅၆နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရခြင်း၏ နောက်ဆက် တွဲဖြစ်သည်။

ထို့ပြင် ယခုဆန္ဒပြသည့် နိုဝင်ဘာလ ၂၉ရက်သည် သံဃာတော်အပါး၈၀ကျော် မီးလောင်ဒဏ်ရာ ရရှိခဲ့သော လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရမှု ၂၅လ ပြည့်သည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

ဆန္ဒပြသူများအနေဖြင့် ညနေသုံးနာရီကတည်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေဘုရားအနီးတွင် လူစုပြီးနောက် ထိုနေရာမှစတင်ထွက်ခွာပြီး မြို့နယ်အချို့ကိုဖြတ်ကာ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက် ချီတက်ခဲ့ကြခြင်း ဖြစ်ပြီး သံရုံးရှေ့တွင် ဆန္ဒပြရန် အထက်ပါအတိုင်း တားဆီးခံ ရခြင်းဖြစ်သည်။

တရုတ်သံရရုံးရှေ့သို့သွားရာလမ်းတစ်လျှောက်တွင် ဆန္ဒပြသူများက “ဝမ်ပေါင် ထွက်သွား”၊ “လူသတ်အစိုးရ အလိုမရှိ”၊ “သိန်းစိန်အစိုးရ ဖြုတ်ချ”၊ “လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေး” စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

လမ်းတစ်လျှောက်လုံး ဖြတ်သန်းဆန္ဒပြမှုတွင် အာဏာပိုင်များအနေဖြင့် လုံခြုံရေးယူထားခြင်း အလျဉ်းမတွေ့ရသော်လည်း တရုတ်သံရုံးရှေ့တွင်သာ လုံခြုံရေးအလုံးအရင်းချထားသည်ကို တွေ့ရသည်။

ထို့နောက် လုံခြုံရေးရဲများက တရုတ်သံရုံးအရှေ့တွင် ဆန္ဒပြရန် လုံးဝခွင့်မပြုခြင်းကြောင့် ဆန္ဒပြသူများက သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည့် လက်ပံတောင်းတောင်ဒေသခံဒေါ်ခင်ဝင်းအား ဂုဏ်ပြုသည့် လွမ်းသူ့ပန်းခွေကို လုံခြုံရေးရဲများ၏ အရှေ့တွင်ချပြီး လူစုခွဲခဲ့ကြသည်။

No comments: