Tuesday, December 30, 2014

KIA တပ်စခန်း တခု အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်

KNG

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ၏ တက်ခွဲ ၂ ပြည်သူ့စစ်တပ်ဖွဲ့၏ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များက လာရောက်တိုက်ခိုက် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက် ညနေ ၄ နာရီကျော်တွင် ကားမိုင်းမြို့နယ် KIA ၏ တပ်ခွဲ ၂ ပြည်သူ့စစ်တပ်ဖွဲ့၏ ဂွေကြာ ရှေ့တန်း စခန်းကို အစိုးရ၏ တပ်ရင်း ၆၆ လက်အောက်ခံ ခမရ တပ်ရင်း ၅ မှ တပ်ဖွဲ့ အင်အား ၆၀ ခန့်က လာရောက် တိုက်ခိုက်၍ မီးရှုံ့ဖျက်ဆီး၍ ပြည်လည် ဆုတ်ခွာသွားခဲ့သည်ဟု KIA ၏ တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောသည်။

“မနေ့က ၄ နာရီ ၁၀ မိနစ်လောက်မှာ ကျနော်တို့ စခန်းကို လာတိုက်ပြီး သိမ်းလိုက်တာ။ ကျနော်တို့ ရှေ့တန်းစခန်းမှာ အင်အား ၁၀ ယောက်လောက်ဘဲ ရှိတယ်။ သူတို့က အင်အားကြီးနဲ့ဆိုတော့ ကျနော်တို့ စခန်းကို မီးရှုံ့လိုက်ပြီးတော့ ပြန်ဆုတ်သွားတယ်” ဟု သူက ပြောသည်။

KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း လက်ရှိ အစိုးရဘက်မှ KIA နယ်မြေအတွင်း ဆက်လက် ထိုးစစ်ဆင်လာပါက တိုက်ပွဲ ပြန်လည် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေကြောင်း KIA ဘက်မှလည်း စစ်ရေး အဆင်သင့် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။

အစိုးရ စစ်တပ်က ဖားကန့်မြို့နယ်အတွင် KIA ၏ တပ်ရင်း ၆ ရှိရာ နယ်မြေအနီး အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ တပ်ရင်း ၁၀ ရင်းခန့် အခြေစိုက်ကာ လှုပ်ရှားနေဆဲ ဖြစ်သလို၊ ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော ကားမိုင်းမြို့နယ်အတွင်း အစိုးရ၏ တပ်ရင်း ၂ ရင်း လှုပ်ရှားနေသည်ဟု သူက ဆိုသည်။

KIA တပ်ရင်း ၆ တပ်ဖွဲ့တို့ အခြေချနေသော ဖားကန့်မြို့နယ် ဂင်ဆီ၊ အောင်ဘာလေ၊ ဆိုင်းရာ၊ ဂွေခါ စသည့် ကျေးရွာများသို့ ဖားကန့်ဒေသခံများနှင့် ဘာသာရေးဆရာများ သွားလာခွင့်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပိတ်ပင်ခဲ့ သော်လည်း လက်ရှိတွင်မူ နယ်မြေခံ ဒေသခံများကို ပြန်လည် သွားလာခွင့် ပြုလာသည်ဟု ဗိုလ်မှူး တန်ဆန့် က ပြောသည်။

အစိုးရ စစ်တပ်နှင့် KIA တပ်ဖွဲ့များ ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ် မသိရသေးကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PGC) မှ ဦးဆန်အောင်က အတည်ပြု ပြောဆိုသည်။ သို့သော် ဖားကန့်မြို့မ ရဲစခန်းကမူ ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ် ရှိနေသည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်က အစိုးရ၏ တပ်မ ၆၆ တပ်မ လက်အောက်ခံ တပ်ရင်း ၁ မှူးက KIA တပ်ရင်း ၆ အခြေစိုက်ထားသည့်နေရာမှ ဆုတ်ခွာပေးရန် ပြောဆိုလာမှုကို KIA က ငြင်းပယ်လိုက်ပြီးနောက် အစိုးရဘက်မှ စစ်ရေးတိုးမြင့်မှုများ ရှိလာကာ နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေခဲ့သည်။

လက်ရှိ ကချင်ပြည်နယ် စစ်ရှိန်လျော့ချရေးအတွက် အစိုးရ စစ်တပ်နှင့် KIO တို့ ပူးပေါင်းဖွဲ့စည်းထားသော ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့များ၏ ပုံမှန် တွေ့ဆုံဆွေးနွေးမှုကိုလည်း KIO ဘက်မှ တက်ရောက်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂၊ ၂၃ ရက်တွင် KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တွေ့ဆုံဆွေးနွေးမှုတွင် လိုင်ဇာတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားနေစရ ဆွေးနွေးပွဲ ပြုလုပ်ရန် အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့သည်။

No comments: