Wednesday, December 31, 2014

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

ဇာဏီထွဏ်း

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်နှစ်ရက် အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် သီရိလင်္ကာနိုင်ငံအနီးတွင် ဖြစ်ပေါ်လျက်ရှိရာ မုန်တိုင်းငယ်အဆင့် ရောက်ရှိပါက သီရိလင်္ကာနိုင်ငံ သို့မဟုတ် အိန္ဒိယအရှေ့ဘက် ကမ်းရိုးတမ်းဘက်သို့ ဝင်ရောက်နိုင်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတမ်းဘက်သို့ မုန်တိုင်းငယ် ဝင်ရောက်ပါက ယင်းမုန်တိုင်းမှ ပြတ်ထွက်လာသော တိမ်များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအနည်းငယ် ရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

“အခုတော့ ဘယ်လမ်းကြောင်းက ဝင်မလဲ စောင့်ကြည့်တုန်းပဲ၊ သီရိလင်္ကာဘက်ကို ဝင်ရင်တော့ ပြီးသွားပေမယ့် အိန္ဒိယအရှေ့ဘက် ကမ်းရိုးတမ်းဘက်ကို လာရင်တော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခါလွန်မိုးထပ်ရနိုင်တယ်။ အခုလည်း လေဖိအားနည်းရပ်ဝန်းရဲ့ တိမ်တွေကြောင့် ဒီရက်ကစပြီး နောက်သုံးရက်လောက် အအေးပေါ့မယ်”ဟု ဦးကျော်မိုးဦးက ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်ရန် အလားလာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းအထိ ရှိနေပြီး ဇန်န၀ါရီ ၁ ရက်တွင် အားအကောင်းဆုံးဖြစ်လာပြီး အိန္ဒိယ-ဘင်္ဂလားဒေရှ့်နယ်စပ် ကို ဖြတ်ကျော်နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

No comments: