Wednesday, December 31, 2014

အံဒင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခု တိုယိုထိုင်းနှင့် ပူးပေါင်းမည်

ကွန်းချမ်း

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အံဒင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည့် Toyo Thai Corporation Public Co., Ltd (TTCL) နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စီမံကိန်းဒေသအနီးတွင် မြေယာအများအပြား ဝယ်ယူထားသည့် လင်းရောင်ခြည်ဦးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ မိဌေးဌေးဝင်းက ပြောသည်။

၎င်းက “ဂျပန်ခရီးကို လေ့လာပြီးမှ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး စီမံကိန်းနေရာနှင့် မိုင် ၂၀ ကွာဝေးသည့် မော်လမြိုင် - ရေး ကားလမ်းမပေါ်ရှိ ပုပ္ဖဝတီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအပြီးတွင် မိဌေးဌေးဝင်း က ပြောကြားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်တွင် လင်းရောင်ခြည်ဦး ကုမ္ပဏီမှ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င်အံဒင်ဒေသခံများ၊ မွန်ပြည်နယ် အခြေစိုက် သတင်းထောက်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ စုစုပေါင်း ၃၀ ဦးခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေး စက်ရုံ သို့ သွားရောက်လေ့လာရန် Toyo Thai ကုမ္ပဏီက စေလွှတ်ခဲ့သည်။

အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း တာဝန်ခံ မိနီနီစံကလည်း “ကျွန်မတို့ စီမံကိန်းတစ်ခုကို အကောင် အထည်ဖော်ရင် ဒေသထဲက လုပ်ဖော်ကိုင်ဖက်တွေ လိုအပ်တယ်လေ။ ဒါ့ကြောင့် လင်းရောင်ခြည်ဦး ကုမ္ပဏီကို လက်တွဲဖို့ ကမ်းလှမ်းတာ” ဟု ပြောသည်။

လင်းရောင်ခြည်ဦး ကုမ္ပဏီသည် မြေယာများစတင်ဝယ်ယူစဉ်က ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည် မဖော်နိုင်အောင် လယ်မြေများကိုလက်ဦးမှုယူပြီး ၀ယ်ယူထားခြင်းဖြစ်သည်ဟု ဒေသခံများအား ပြောကြားခဲ့သည်။ လက်ရှိတွင် မြေဧက ၄၀၀ ခန့်ကို ၀ယ်ယူထားပြီး ဖြစ်သည်ဟုလည်း မိဌေးဌေးဝင်းက ပြောသည်။

စက်ရုံစီမံကိန်းသည် လက်ရှိတွင် လေ့လာသည့်အဆင့်၊ ဒေသခံ ပြည်သူများအား တွေ့ဆုံရှင်းလင်းသည့် အဆင့်သာ ရှိသေးသည့်အတွက် Toyo Thai နှင့် မည်သို့ ပူးပေါင်းသွားမည်ကို အသေးစိတ် မပြောနိုင် သေးကြောင်း ၎င်းက ပြောသည်။

ကုမ္ပဏီနှစ်ခု ပူးပေါင်းလိုက်ရန်ဆုံးဖြတ် လိုက်ခြင်း၊ တွေ့ဆုံပွဲတွင် ပြည်နယ်လျှပ်စစ်ဝန်ကြီးက ရေးမြို့နယ် လျှပ်စစ်မီးရရှိရန် မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ပြောကြားခြင်း၊Toyo Thai ကုမ္ပဏီဥက္ကဋ္ဌ နှင့် အမှု ဆောင်အရာရှိချုပ်က အဆင့်မြင့် နည်းပညာကို အသုံးပြုပြီး ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမည်ဟု ကတိပေးခြင်းတို့ကြောင့် ဒေသခံ များမှာ စက်ရုံတည်ဆောက် မည်ကို ပိုမိုစိုးရိမ်လျက်ရှိသည်။

ဒေသခံ သံဃာတော်များက အဆိုပါ စက်ရုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ခြင်းမပြုရန် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်နှင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးထံသို့ မေတ္တာရပ်ခံခဲ့သေးသည်။

No comments: