Tuesday, December 30, 2014

လက်ပံတောင်းတောင်တွင် ဆန္ဒပြသူများကို သေနတ် နှစ်ချက်ဖောက်လူစုခွဲ

ယုဝေ

လက်ပံတောင်းတောင် ကြေနီးစီမံကိန်းအနီး ဆည်တည်းရွာမြောက်ဘက် ခြံစည်းရိုးများ ကာရံထား သည့် နေရာတွင် ဒေသခံ ၄၀၀ခန့်က ဒီဇင်ဘာ ၂၉ရက်တွင် ဆန္ဒပြသည်ကို ရဲတပ်ဖွဲ့က သေနတ် နှစ်ချက်ဖောက်ကာ လူစုခွဲခဲ့သည်ဟု လူစုခွဲရန် နေ့လည် နှစ်နာရီခွဲအချိန်ခန့်က သေနတ်နှစ်ချက်ပစ်ဖောက်ခဲ့သည်ဟု ဇီးတောရွာမှ ကျောင်းထိုင်ဆရာတော် ဦးအာလောက က မဇ္ဈိမကို မိန့်သည်။

လက်ပံတောင်း ဒေသခံများက ဒီဇင်ဘာ ၂၂ရက် နှင့် ၂၃ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းနှင့် ဒဏ်ရာရသူများအတွက် ဒီဇင်ဘာ ၂၉ရက် နေ့လည်က ဆည်တည်းရွာတွင် ဆန္ဒပြခဲ့ကြသည်။

ဦးအာလောကက “ ဆည်တည်းရွာဘက်မှာ ၁ နာရီခွဲလောက်က စပြီးကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတယ်။ နှစ်ခွဲလောက်ကြတော့ လူစုခွဲဖို့သေနတ်ပစ်ဖောက်တယ်။ ဒေသခံတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိသေးပါ ဘူး”ဟု မဇ္ဈိမကို ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၂ နာရီခွဲအချိန်က မိန့်သည်။

ယင်းအပြင် မိုးကြိုးပြင်ရွာတွင် တစ်စု၊ တုံငါးရွာ အနောက်ဘက်တွင် တစ်စု ဆန္ဒပြကြပြီး တုံငါးရွာတွင် ဆန္ဒပြသူများက ဆည်တည်းရွာ မှ သေနတ်ဖောက် လူစုခွဲခံရသည့် အဖွဲ့နှင့် ပူးပေါင်းရန် ထွက်ခွာနေသူဟု ဆက်လက်မိန့်ကြားသည်။

ဆည်တည်းရွာ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်သူက “ အခုထိတော့ ထိခိုက်ဒဏ်ရာရတာ မရှိသေးပါဘူး။ လူကပိုတောင် များပြားလာပါတယ်။ ပထမ ၆၀ ၊ ၇၀လောက်ပဲရှိတာပါ။ ”ဟုပြောသည်။

ဆန္ဒပြသူများက ဝမ်ပေါင်ကုမ္ပဏီအထိ လမ်းလျှောက်ကာ ဆန္ဒပြရန် အစီအစဉ်ရှိသော်လည်း သေနတ်ဖြင့် ပစ်ခတ်လူစုခွဲမှုကြောင့် လုံခြုံရေးစိုးရိမ်ရသေည့်အတွက် ဆည်တည်းရွာဟောင်းတွင်သာ ဆန္ဒပြလျှက်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ဆန္ဒပြသူများသည် "ဒေါ်ခင်ဝင်းကို ပစ်သတ်လိုက်သော ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေး ” “ဝမ်ပေါင်ကုမ္ပဏီ ငါတို့နိုင်ငံကထွက်သွား” "မတရားသံဆူးကြိုးခတ်လိုက်တော့ ငါတို့လယ်ပြန်ပေး” အစရှိသည် ကြွေးကြော်သံ ၁၅ ခုကို သံပြိုင်ဟစ်ကြွေးကာ ဗီနိုင်းများကိုင်ဆောင်၍ဆန္ဒပြနေကြခြင်းဖြစ်သည်။

No comments: