Tuesday, December 30, 2014

မွေး/ရေဝန်ကြီး တရားလိုပြု တိုင်ကြားချက် အဆိုလွှာပါ အသုံးအနှုန်းများ မေးခွန်းထုတ်ခံရ

အောင်သူရထွန်း

လယ်ယာကျူးကျော်သည်ဟု ဆိုကာ တရားမမှုဖြင့် မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးဦးအုန်းမြင့်က တရားလိုပြု တိုင်ကြားသည့် အဆိုလွှာတွင် ထည့်သွင်းသုံးနှုန်းထားသည့် စာသားများအပေါ် ဖြေရှင်ပေးနိုင်ရန် ယခင်ရုံးချိန်း မေးခဲ့သည် ကို ပြန်လည်ဖြေကြားရန် ဒီဇင်ဘာ ၂၉ ရက် ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချရမည် ဖြစ်သော်လည်း ထပ်မံ ရက်ရွှေ့ဆိုင်းလိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဦးခင်မောင်ဇော်က “တရားလိုရဲ့ အဆိုပြုလွှာထဲက အပိုဒ်နှစ်မှာ မသမာသူများက သွေးထိုးလှုံ့ဆော်တယ် ဆိုတဲ့စာသားရယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတို့က တားမြစ်သော်လည်း ဆိုတဲ့စာကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ရုံးချိန်းက တောင်းခံခဲ့တာ ဒီကနေ့ ရုံးချိန်းမှာ အမိန့်ချဖို့ပဲ၊ ဒါပေမယ့် နောက်တစ်ချိန်းပေါ့” ဟု မီဒီယာများကို ဖြေကြားသည်။

ယင်းအဆိုလွှာအပိုဒ် (၂) တွင် “ဒေါ်ရင်မြသည် မသမာသူတို့၏ မြောက်ပင့်ပေးမှုကြောင့် လယ်ယာမြေအတွင်း ကျူးကျော်ထွန်ယက်ခြင်းနှင့် ဖျက်ဆီးခြင်းများပြုလုပ်မှုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က တားမြစ်သော်လည်း ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်” ဆိုသော ရေးသားဖော်ပြမှုများ ပါဝင်သည်။

တရားပြိုင်ရှေ့ နေ ဦးခင်မောင်ဇော်က “ဒီအဓိပ္ပါယ်တွေကို ပြန်ဖြေပေးဖို့ တရားသူကြီးက အမိန့်ချပေးဖို့ ကျွန်တော် တောင်းဆိုခဲ့တာပါ” ဟု ရှင်းပြသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုမှ တရားပြိုင်ဖြစ်သည့် တောင်သူဒေါ်ရင်မြက “ကျွန်မ ဒီနေရာမှာ ၁၉၈၂ ခုနှစ်ကတည်းက စိုက်ပျိုးလာခဲ့တာ၊ အခုမှ ဦးအုန်းမြင့်က သူပိုင်တယ်ဆိုပြီး တရားစွဲတယ်” ဟု ပြောသည်။

သို့ရာတွင် အခြားသော လယ်ယာမြေအမှုများတွင် တောင်သူတို့ကို ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုခဲ့ကြသော်လည်း ဦးအုန်းမြင့် ကမူ တောင်သူဒေါ်ရင်မြအား တရားမမှုဖြင့် စွဲဆိုထားပြီး ဆက်လက်စိုက်ပျိုးခြင်းမပြုရန်နှင့် လယ်ယာမြေထဲမှ ထာဝရထွက်ခွာသွားရန် တရားစွဲခြင်းဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

မြေလွတ်မြေရိုင်း ဗဟိုကော်မတီအား ဦးအုန်းမြင့်အနေဖြင့် အကူအညီရယူခြင်း၊ တိုင်ကြားခြင်းများ ရှိ မရှိ မသိရသေးသော်လည်း ပုဒ်မ ၂၅ အရ မြေလွတ်မြေရိုင်းဗဟိုကော်မတီသည် ဒေသခံ တောင်သူများနှင့် လုပ်ပိုင်ခွင့်ရသူတို့ အကြား ပဋိပက္ခဖြစ်ပေါ်ပါက ဖြေရှင်းပေးရ မည်ဖြစ်ပြီး ကော်မတီ၏ ဖြေရှင်းမှု လိုက်နာခြင်း မရှိလျှင် သက်ဆိုင်ရာဥပဒေအရ အရေးယူနိုင်ရန် လွှဲအပ်းပေးရမည်ဟု ပြဌာန်းထားသည်။

သို့ ရာတွင် ဗဟိုကော်မတီသည် ဒေါ်ရင်မြအား ယနေ့ အထိ ခေါ်ယူညှိနှိုင်းမှု တစ်ကြိမ်မျှမရှိခဲ့ဘဲ တရားရုံးကသာ တိုက်ရိုက် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဆိုသည်။ စီမံကိန်းမြေအဖြစ်သိမ်းဆည်းမြေများ၊ စီမံကိန်းအမည်ခံ ကုမ္ပဏီတို့ သိမ်းဆည်းမြေများနှင့် သရက်ဇုန်စိုက်ပျိုးရန် သိမ်းဆည်းထားသော မြေများကြောင့် ဓါးမဦးချ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော ဒေသခံတောင်သူတို့အား တရားစွဲ အပြစ်ပေးထောင်ချခံရသူများ၏ သုံးပုံတစ်ပုံသည် နေပြည်တော် ဒေသခံတောင်သူများဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက လွှတ်တော်တွင် တင်ပြခဲ့သေးသည်။

No comments: