Wednesday, December 31, 2014

ဘင်္ဂါလီအဖြစ် နိုင်ငံသားစိစစ်မှုခံမည်ဟု ဦးရေတစ်သောင်းကျော် ရခိုင်ပြည်နယ်အစိုးရထံ စာပို့

ကေဇူး

ကန့်ကွက်မှုများကြောင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေဖြင့် စိစစ်မှုများကို ရပ်နားထားရသော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအဖြစ် စာရင်းပေးသွင်း၍ စိစစ်ခံလိုကြောင်း လျှောက်ထားသူ ဦးရေ တစ်သောင်းကျော် ရှိနေသည်ဟု ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ထို့ကြောင့် ယခင်က ရိုဟင်ဂျာဟု မသတ်မှတ်၍ ဆိုကာ အငြင်းပွားမှုများဖြစ်ခဲ့သော၊ ရခိုင်တိုင်းရင်းသားတို့က စိစစ်မှုများအတွင်း ဥပဒေနှင့် မညီညွတ်မှုများရှိသည်ဟု ဝေဖန်ထားကြသော နိုင်ငံသား စိစစ်မှုလုပ်ငန်းများ ပြည်နယ်အတွင်း ပြန်လည်စတင်ရန် လဝက က ပြင်ဆင်နေပြီဖြစ်သည်။

လျှောက်ထားသူများသည် ပုဏ္ဍားကျွန်း၊ ကျောက်ဖြူ၊ မြောက်ဦးနှင့် မင်းပြားမြို့များတွင် နေထိုင်သူများဖြစ်သည်ဟု လ၀က စာရင်းများက ဆိုသည်။

“ဒီဘက်က ဝန်ထမ်းတွေက အသင့်ဖြစ်နေပြီ၊ ပြည်ထောင်စု အစိုးရက အမိန့်ကျရင် စစ်မယ်၊ စစ်တဲ့နေရာမှာလည်း ဒီဘက်က ရှိတဲ့ နိုင်ငံသားဖြစ်ခွင့် ရလိုသူတွေက သူတို့ ဘင်္ဂလီလို့ အစစ်ခံမယ်ဆိုမှ စစ်မယ်"ဟု ဦးခင်စိုးက ပြောသည်။

ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခြင်းကို ၂၀၁၄ ခုနှစ်၊ ဇွန်လ အတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော ကန့်ကွက်မှုတို့ကြောင့် ငါးလခန့်အကြာတွင် ရပ်နားထားရခြင်းဖြစ်သည်။ ယင်းအစီစဉ်ကို လာမည့် ဇန်နဝါရီလတွင် ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်နယ် လဝက ဦးစီးဌာနက မျှော်မှန်းထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်သူတို့ကမူ ဘင်္ဂါလီဟု သတ်မှတ်၍ နိုင်ငံသားစိစစ်မှုခံယူ ရန် လျှောက်ထားခြင်းမရှိသေးဟု ပြည်နယ် လဝက ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

မောင်တောမြို့နယ်နေ ဘင်္ဂလီခေါင်းဆောင် ဦးလှသိန်းက “အစိုးရက ပြောတဲ့အပေါ်မှာ နာမည်ကို အဓိကထားမလား၊ နိုင်ငံသားဖြစ်ခွင့်ကို အဓိက ထားမလား ဆိုတာကို ညှိနှိုင်းနေကြတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ် လဝက ကမူ နိုင်ငံသား စိစစ်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ် ဆောင်ရွက်ရန် စီစဉ်နေသော်လည်း စိစစ်မှုခံယူရန် ငြင်း ပယ်နေသူများအရေး မည်သို့ စီစဉ်မည့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

၂၀၁၄ခုနှစ်အတွင်း ပြည်နယ်အဆင့် စစ်ဆေးစဉ်က နိုင်ငံသားအဖြစ် ဦးရေ ၄၀၊ နိုင်ငံသားပြုခွင့် ရသူ ၁၆၅ ဦးရှိသည်ဟု ပြည်နယ်လဝက စာရင်းများကဆိုသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ သုံးသန်းကျော် နေထိုင်ပြီး ယင်းတို့အနက် နိုင်ငံသားဖြစ်ခွင့်မရှိသူ တစ်သန်းကျော်ရှိသည် ဟု ရခိုင်ပြည်နယ် အစိုးရက ခန့်မှန်းထားသည်။

No comments: