Wednesday, December 31, 2014

ကလေးငယ် နှစ်နှစ်သားအထိ တစ်လကျပ် ၁၀,၀၀၀ အသက် ၁၀၀ ကျော်များကို လစဉ်ကျပ် ၇၅,၀၀၀ အစိုးရ ထောက်ပံ့မည့် အစီအစဉ် စတင်တော့မည်

ဝင်းကိုကိုလတ်

အမျိုးသမီးများ ကိုယ်ဝန်ဆောင် ချိန်မှရက်ပေါင်း ၁,၀၀၀ (သန္ဓေတည်ချိန်မှ ကလေးအသက် နှစ်နှစ်အထိ) တစ်လလျှင် ကျပ် ၁၀,၀၀၀နှင့် အသက် ၁၀၀ ကျော် ဘိုးဘွားများကို လစဉ်ကျပ် ၇၅,၀၀၀ (ခန့်မှန်း) ထောက်ပံ့မည့် အစီအစဉ်တစ်ရပ်ကို စတင်တော့မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချ ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်က “မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံ ချက်ကို လေ့လာ ကြည့်ရင် အခြေခံအားဖြင့် တစ်ဦးချင်းစီနှင့် အိမ်ထောင်စုများ၏ဆင်းရဲနွမ်း ပါးမှုလျှော့ချရေး၊ ဘေးအန္တရာယ်ကျရောက်နိုင်မှုများ လျှော့ချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ထားတာတွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ၁၀နှစ်ကြာ အကောင်အထည်ဖော်မည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ စီမံချက် မိတ်ဆက်ခြင်း အခမ်းအနားကို နေပြည်တော် ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့ရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဝန်ကြီးဌာနက အကောင် အထည်ဖော်မည့် ယင်းစီမံချက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးများ ကို ထောက်ပံ့ ငွေပေးအပ်ခြင်း၊ မသန်စွမ်းသူများကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ အသက် ၃ နှစ်မှ ၁၅ နှစ်အထိ ကလေးသူငယ်များ ကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း၊ အများပြည်သူအလုပ်အကိုင် ရရှိရေးနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက် ရေးအဖွဲ့များကို ထောက်ပံ့ကူညီခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှု ပေးခြင်းတို့ ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး က “စီမံချက်က၂၀၁၅ခုနှစ်၊ ဧပြီ ၁ ရက်စမယ်။ ပထမနှစ်အနေနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေကို တစ်လ၁၀,၀၀၀နဲ့ ရက်ပေါင်း ၁,၀၀၀အထိ ထောက်ပံ့ မယ်။ အသက် ၁၀၀ ကျော်ဘိုးဘွားတွေ ကို ခန့်မှန်းပေါ့။ တစ်လကို ၇၅,၀၀၀ ကျပ်ထောက်ပံ့ ပါမယ်”ဟု ပြောသည်။

၎င်းက “အသက် ၉၀ ကျော်ဆိုရင် တစ်လ ကျပ် ၂၅,၀၀၀ ထောက်ပံ့ပေးပါမယ်” ဟု ဖြည့်စွက်ပြောသည်။ ၎င်းင်းက အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးနှစ်နှစ်အ ရွယ်အထိ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပါက ကျန်းမာပြီး ဉာဏ်ရည် ကောင်းမွန်သည့် ကလေးများ မွေးဖွားသည့်အတွက် တိုင်း ပြည်ဂျီဒီပီတိုးတက်ရေးကိုပါ အထောက်အကူပြုသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ စာရင်းများအရ မြန်မာနိုင်ငံတွင် အသက် ၁၀၀ ကျော် အဘိုး ၁၆၉ ဦးနှင့် အဘွား ၄၀၀ ဦး စုစုပေါင်း ၅၆၉ ဦးရှိသည်ဟု အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် ၎င်းက ပြည်ထောင်စုအစိုးရ ဘတ်ဂျက်မည်မျှ ချပေးမည်ကိုမူ မသိရသေးဟု ဆိုသည်။

အဆိုပါစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အပါအ၀င် မိတ်ဖက်အဖွဲ့အစည်းများက၂၀၁၃မှ စတင် ရေးဆွဲခဲ့ပြီး ယနေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

No comments: