Monday, December 29, 2014

သရုပ်ဆောင် မင်းအုပ်စိုး ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူအတွက် မျှတစွာ ဆောင်ရွက်ပေးစေလိုဟု မိသားစုဝင်များ တောင်းဆို

ကျော်စိုးမိုး

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ရိုက်နှက်ထိုးကြိတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုရင် (ခ) တေးနုရင်၏ အမှုကို တရားမျှတစွာ စီရင်ဆောင်ရွက်ပေးစေလိုသည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ဒီဇင်ဘာ ၂၈ ရက် တွင် ပြောဆိုလိုက်သည်။

၎င်းတို့က တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်းရှိ မနုနုရင် မသေဆုံးမီက နေထိုင်ခဲ့သည့် အဆောင်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ တောင်းဆိုခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက "အဲ့ဒီနေ့က သူ့အလုပ်မှာ ခရစ်စမတ်ပွဲ ရှိလို့ ညအိပ်မယ် ဆိုပြီး အလုပ်သွားပါတယ်၊ ပြီးတော့ ညနေ ၄ နာရီလောက်မှာ နောက်ဆုံးအဆက်အသွယ်ရပြီး ည ၁၁ နာရီလောက်မှာ ဖုန်းဆက်တော့ သူဖုန်းမကိုင်တော့ပါဘူး" ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲ ဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး ၏ နေအိမ်တွင် သေဆုံးသူ မနုနုရင်ကို ရည်းစားထားသည့်ကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးက ထိုးကြိတ်ရိုက်နှက်ခဲ့ရာ မှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

မနုနုရင်အလုပ်လုပ်ကိုင်သည့် သရပါမဂ္ဂဇင်းတိုက်သည် သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်ခြံဝင်း အတွင်း၌ တည်ရှိပြီး မဂ္ဂဇင်းဖောင်ပိတ် သည့် ရက်များတွင် မဂ္ဂဇင်းတိုက်တွင်ပင် ညအိပ်လေ့ရှိသည်ဟု သေဆုံးသူ၏ မိသားစုဝင်များကဆိုသည်။

ယင်းနောက် ဒီဇင်ဘာ ၂၅ ရက်၊ နေ့လည် ၁၂ နာရီခွဲခန့်တွင် သရုပ်ဆောင် မင်းအုပ်စိုး၏ အမျိုးသမီးနှင့် မိသားစုဝင်များက မနုနုရင်နေထိုင် သည့် အဆောင်သို့ ရောက်ရှိလာပြီး မနုနုရင်မှာ မင်းအုပ်စိုးထိုးနှက်လိုက်၍ လက်လွန်ပြီး သေဆုံးသွားသည်ဟု အကြောင်းကြားကာ မနုနုရင်မိခင်အတွက် ဆေးကုစရိတ်အဖြစ် ငွေငါးသိန်း လာပေးခဲ့ခြင်းဖြစ်သည် သေဆုံးသူ၏ အဒေါ်က ဆိုသည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက "ကျွန်တော်တို့ကို မင်းအုပ်စိုးမိသားစုက ပေးတဲ့ငွေကိုလည်း လက်မခံခဲ့ပါဘူး၊ သေဆုံးသူနဲ့ ကိုမင်းအုပ်စိုးကလည်း ဘာမှ အမျိုးးမတော်ပါဘူး၊ ဒီလိုမျိုး သေဆုံးအောင် ထိုးကြိတ်ခဲ့တဲ့အတွက် တရားဥပဒေအတိုင်း ဆောင်ရွက်ပေးစေ ချင်ပါတယ်" ဟုပြောသည်။

သေဆုံးသူကို ရင်ခွဲစစ်ဆေးချက်အရ နံရိုးကျိုးဒဏ်ရာ၊ အတွင်းကလီစာ ပျက်စီး၊ အဆုတ်ညိုမဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

မနုနုရင်သည် သရပါ မဂ္ဂဇင်းတွင် လုပ်ကိုင်ခဲ့သည်မှာ ခုနှစ်နှစ်ဝန်းကျင် ရှိပြီး ယင်းကဲ့သို့ ရိုက်နှက်ခံရမှုများသည် ယခင်ကလည်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရှိခဲ့ဖူးသည်ဟု သူမ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

No comments: