Tuesday, December 30, 2014

စည်ပင်ရွေးကောက်ပွဲ အနောက်ပိုင်းခရိုင် ဗဟိုကော်မတီဝင်အဖြစ် ဦးခင်လှိုင် ဦးဆောင်

ဇေယျာချမ်းအေး

စည်ပင်ရွေးကောက်ပွဲတွင် အနောက်ပိုင်းခရိုင်မှ ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ဦးခင်လှိုင် (ဇောတိက) ကို မဲနိုင်သူအဖြစ် ရွေးကောက်ပွဲကော်မရှင်က အသိပေး အကြောင်းကြားထားကြောင်း ဦးခင်လှိုင်က ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက မဇ္ဈိမကို ပြောသည်။

ဦးခင်လှိုင်သည် အနောက်ပိုင်းခရိုင် မဲရုံ ၁၃၉ ရုံတွင် ၆၈ ရုံအထိ အနိုင်ရရှိထားပြီး၊ လက်ရှိရေတွက်ပြီး ၁၂၃ ရုံ စာရင်း များအရ မဲရရှိမှု စုစုပေါင်းမှာ ၃,၇၀၀ ကျော် ရှိသည်။ ၎င်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်သည့် ဦးအောင်လှနှင့် ဦးဝင်းချိုတို့မှာ ဆန္ဒမဲ ၁,၄၀၀ ကျော်စီသာ ရရှိထားသည်။

“အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲမှာ ကျွန်တော်နိုင်တယ်လို့ ကော်မရှင်က ကျွန်တော့်ကို လှမ်းအကြောင်း ကြားပြီးပါပြီ။ မနေ့က မဲရုံပိတ်ပြီး နှစ်နာရီလောက်ကတည်းက ရလဒ်ကို ကျွန်တော် သိပါတယ်” ဟု ဦးခင်လှိုင်က ဆိုသည်။

၎င်းထံသို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်၊ ည ၁၁ နာရီခွဲတွင် အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ အသိပေး အကြောင်းကြားသည့် အပေါ် ယှဉ်ပြိုင်ဘက် ဦးဝင်းချိုက ဝေဖန်မှု အချို့ ပြုလုပ်ထားသည်။

“မနေ့က ညပိုင်းအထိ ကျွန်တော် စာရင်းလိုက်ပြုစုတာ မဲရုံ ၅၀ ကျော်စာပဲ ရခဲ့တယ်။ ဦးခင်လှိုင်ကျတော့ ဘာဖြစ်လို့ စာရင်းအားလုံး ရရတာလဲ။ ဒါကမေးခွန်း ထုတ်ချင်စရာ ဖြစ်ပါတယ်” ဟု ၎င်းက ဝေဖန်သည်။

ထိုဝေဖန်မှုနှင့်ပတ်သက်၍ ဦးခင်လှိုင် က “ဘာကြောင့်လဲဆိုတော့ မဲရုံတိုင်းမှာ ကျွန်တော့်ကိုယ်စားလှယ် တွေချထားလို့ ဖြစ်ပါတယ်။ မဲရုံပိတ်ပြီး နှစ်နာရီကျော်လောက်ကတည်းက ကျွန်တော်အနိုင်ရရှိ ထားတာကို သိရပါတယ်” ဟု ဆိုသည်။

ကျန်ခရိုင်သုံးခုတွင် မဲနိုင်သူစာရင်း အတိအကျ မထုတ်ပြန်နိုင်သေးခြင်းနှင့် ပတ်သက်၍ ဦးခင်လှိုင်က “ကျန်တဲ့ခရိုင်တွေက ဘာသတင်းမှ မကြားရသေးတာက ပထမအချက် သူတို့ဆီမှာ မဲရုံပိုများတယ်။ နောက်တစ်ခု က အငြင်းအခုန်လေးတွေ နည်းနည်းရှိနေတယ်။ မီဒီယာ အားနည်းချက်ရယ်၊ စည်ပင်ကော်မတီ အားနည်း တာရယ်ကြောင့် ဒီပြဿနာတွေဖြစ်နိုင်ပါတယ်” ဟု သုံးသပ်သည်။

ဦးခင်လှိုင်သည် ဗဟိုကော်မတီဝင်လောင်းအဖြစ် ပါဝင်ခွင့်ရရန် မဲဆွယ်ရာတွင် လက်ရှိစည်ပင်သာယာ ရေးကော်မတီ၏ ကျင့်သုံးနေသော စနစ်များနှင့် ဥပဒေ များကို ပြောင်းလဲရန်ကြိုးစားမည်ဟု ပြောဆိုထား သူဖြစ်သည်။

No comments: