Tuesday, December 30, 2014

ကားမိုင်းမြိုနယ်တွင် အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်၊ ကေအိုင်အေ တပ်စခန်း မီးရှို့ခံရ

ဖနိဒါ

ကချင်ပြည်နယ် ကားမိုင်းမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေ ဂွေကြာရှေ့တန်းစခန်းသို့ အစိုးရ၏ စစ်တပ်များ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားကာ ကေအိုင်အေဘက်မှ ဆုတ်ခွာပေးလိုက်ရသည်ဟု ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက မဇ္ဈိမကို ပြောသည်။

“ကားမိုင်းနားက ကျွန်တော်တို့ ပြည်သူ့စစ်အခြေချထားတဲ့ ပို့စ့်တခုကို မနေ့က ၄ နာရီ ၁၀ မိနစ်လောက်မှာ လာသိမ်းလိုက်တယ်။ ခမရ ၅ အင်အား ၆၀၊ ၇၀ လောက်ရှိတယ်။ ကျွန်တော်တို့ ရှေ့တန်းစခန်းတွေက အင်အား ၁၀ ယောက်လောက်ပဲ ရှိတယ်။ သူတို့က အင်အားကြီးနဲ့ဆိုတော့ သူတို့(အစိုးရတပ်)က ကျွန်တော်တို့ စခန်းကို မီးရှုံ့လိုက်ပြီး ပြန်လှည့်သွားတယ်”ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။ သို့သော် ကေအိုင်အေဘက်မှ ကျဆုံးမှု မရှိဟု ဆိုသည်။

တိုက်ပွဲဖြစ်သည့် နေရာသည် ဖားကန့်မြို့နယ်၏ မြောက်ဘက်နှင့် ကားမိုင်းမြို့နယ်၏ အနောက်ဘက်တွင် အခြေစိုက်နေသော KIA ၏ ရှေ့တန်းစခန်းငယ်တစ်ခုဖြစ်ကာ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်ဟု KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ အရပ်ဘက် အရာရှိ ဦးဒွဲပီဆာကလည်း မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIA တပ်ရင်း ၆ တပ်များ လှုပ်ရှားနေသော ဖားကန့်မြို့နယ် ဂင်ဆီ၊ အောင်ဘာလေ၊ ဆိုင်းရာ၊ ဂွေခါ ဘက်သို့ သွားရောက်မည့် ဖားကန့်ဒေသခံများနှင့် ဘာသာရေးဆရာများကိုလည်း သွားလာခွင့် ပိတ်ပင်ခဲ့ပြီး ယခု ရက်ပိုင်းတွင်မူ နယ်မြေခံ ဒေသခံများကို ပြန်လည် သွားလာခွင့် ပြုလာသည်ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သော ကားမိုင်းမြို့နယ်အတွင်း အစိုးရ၏ တပ်ရင်း ၂ နှစ် လှုပ်ရှားနေဆဲ ဖြစ်ပြီး ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ ရှိရာ နယ်မြေအနီးတဝိုက်တွင် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ တပ်ရင်း ၁၀ ရင်းခန့် အခြေစိုက်ပြီး လှုပ်ရှားနေကာ တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PGC) မှ ဦးဆန်အောင်က ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရ စစ်တပ်က KIA တပ်စခန်းများကို ဝိုင်းရံထားသည်ဟု သိရသော်လည်း ယခုတိုက်ပွဲနှင့် ပတ်သက်၍ သတင်းအသေးစိတ် မရရှိသေးဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဖားကန့်မြို့မ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးကမူ “ကျွန်တော်တို့ဖားကန့်မှာ အဲဒီအသံ(တိုက်ပွဲ) ဖြစ်ပွားတာ မကြားပါဘူးခင်ဗျ။ ဒီမှာကတော့ နယ်မြေအခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲ၊ ပုံမှန်သွားလာ လှုပ်ရှားနေကြတယ်ခင်ဗျ”ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဆွတ်ခွာပေးရန် အစိုးရ၏ တပ်မ ၆၆ တပ်မ လက်အောက်ခံ ခမရ တပ်ရင်း ၁ မှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျက KIA တပ်ရင်း ၆ အခြေစိုက်ထားသည့်နေရာမှ ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ လူကြီးများမှတဆင့် ပြောဆိုလာသော်လည်း KIA ဘက်မှ ဆုတ်ခွာပေးခြင်းမရှိဘဲ နှစ်ဖက် တပ်များအကြား တင်းမာမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်းသို့ အစိုးရ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုကြောင့် ကချင်ပြည်နယ်တွင် စစ်ပွဲများ လျော့ချရန်အတွက် KIO နှင့် ကချင်ပြည်နယ် အစိုးရ စစ်တပ်တို့ ပူးပေါင်းဖွဲ့စည်းထားသော ပဋိပက္ခဖြေရှင်းရေးအဖွဲ့များ၏ တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကိုလည်း KIO ဘက်မှ တက်ရောက်ခြင်း မရှိသေးပေ။

KIO သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ(UPWC)နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်နေသည်။

No comments: