Wednesday, December 31, 2014

သမ္မတကို လစာ ကောင်းကောင်းပေးမှ နိုင်ငံအပေါ် စေတနာဖြင့် အလုပ်လုပ်မည်ဟု သူရဦးရွှေမန်းပြော

မင်းမင်း

အုပ်ချုပ်ရေးကဏ္ဍ၏ နိုင်ငံဥသျှောင် သမ္မတကို လက်ရှိပေးထားသည့် လစာငွေ သိန်းငါးဆယ်သည် တိုင်းပြည် တာဝန်ကို စေတနာဖြင့်လုပ်ဆောင်နိုင်ရန် ပေးထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းက ပြောဆို လိုက်သည်။

သူရဦးရွှေမန်းက ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်းက “အဂတိတရားကင်းဖို့အတွက် လမ်းခင်း ပေးထားခြင်းဖြစ်ပါတယ်။ (တိုင်းပြည်)မ ချမ်းသာ ပေမယ့် ဒီလောက်တော့ ကျွန်တော်တို့ ပေးရမယ်။ ဒါမှ နိုင်ငံ့အလိုကို စေတနာပါပါနဲ့ သစ္စာရှိရှိလုပ် နိုင်မယ့် အနေအထားရှိပါတယ်” ဟု

သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများနှင့် အုပ်ချုပ်ရေးဝန်ထမ်းများ အဂတိလိုက်စား မှုကင်းရှင်းရန် မှာ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်အညီနေနိုင်သော လစာချီးမြင့်ငွေရရှိဖို့လိုအပ်ပြီး ထိုသို့မဟုတ်ပါက ပြဿနာများစွာ ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

လစာကောင်းမှ အဂတိတရားကင်းရှင်းမည်ဟူသည့် ၎င်း၏ ပြောဆိုချက်သည် “ရှေ့ကရရှိတဲ့ သင်ခန်းစာ” ဟု လည်း ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် သမ္မတကိုသတ်မှတ်ပေးထားသည့် လစာငွေကျပ် သိန်းငါးဆယ်သည် သာမန်အားဖြင့် များနေသည်ဟု ယူဆရသော်လည်း အမှန်တစ်ကယ်မှာမူ နည်းပင်နည်းနေသေး သည်ဟု သူရဦးရွှေမန်းက ဥပမာပေးပြောဆိုခဲ့သေးသည်။

“ဆိုကြပါစို့ ဘဏ်နဲ့ငွေရေးကြေးရေးကိုနားလည်တဲ့ နိုင်ငံခြား သားတစ်ယောက်ကို ငှားမယ်ဆိုရင် ဒေါ်လာနှစ် သောင်းခွဲလောက် ရှိတယ်။ ဒေါ်လာနှစ်သောင်းခွဲဆိုရင် သိန်းနှစ်ရာ့ငါးဆယ်။ သူ့ရဲ့တာဝန်ယူမှု တာဝန်ခံမှုအပိုင်းနဲ့ ကျွန်တော်တို့ သမ္မတကြီးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းစဉ်းစားပါ။ တစ်နိုင်ငံလုံးကို တာဝန်ယူ၊ တာဝန်ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ သိန်းငါးဆယ်ဟာ တစ်ကယ်တမ်းကျတော့ နည်းသေးတယ်” ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်း၏ အဆိုပါပြောဆိုချက်သည် နိုင်ငံ့ဝန်ထမ်းများကြား ကြီးမားစွာရှိနေသည့် အဂတိ လိုက်စားမှုလျှော့ချရန် နည်းလမ်း တစ်ခုအဖြစ် ပြောဆိုသွားခြင်းသာဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်း ဦးက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ သမ္မတလစာငွေနည်းနေသည်ဟုပြောသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် နောက်လာမည့် အစိုးရ သက်တမ်းတွင် သမ္မတဖြစ်လိုသည်ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ပြီးခဲ့သည့်တစ်လကျော်ဖြစ်သည့် နိုဝင်ဘာ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပင် သူရဦးရွှေမန်းက “နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးစီးပွားအတွက် ဖော်ဆောင်ပေးနိုင်တဲ့ နေရာဟာ သမ္မတဖြစ်တဲ့အတွက် ၂၀၁၅ အလွန်မှာ သမ္မတဖြစ်ရေးပဲ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

No comments: