Wednesday, December 31, 2014

စကျင်ကျောက် တူးဖော်မှု အရေးယူတားဆီးခြင်း မရှိဟုဆို

အောင်ကိုဦး

မတ္တရာမြို့နယ်၊ ယက္ကန်းစင်တောင် တောင်ကြောတွင် ကုမ္ပဏီများက စကျင်ကျောက် တူးဖော်နေခြင်းကို တိုင်းအစိုးရ အဖွဲ့သို့ အကြိမ်ကြိမ် တိုင်ကြားမှုများနှင့် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ လုပ်ဆောင်ခဲ့သော်လည်း အရေးယူတားဆီးမှုများ မရှိသည့်အပြင် ကုမ္ဗဏီများမှ ဆက်လက်တူး ဖော်နေကြသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ တောင်းဆိုဆန်္ဒပြတယ်။အစိုးရအဖွဲ့ကို တိုင်ကြားတာတွေ လုပ်ထားတယ်။ ဒါပေမဲ့ တိကျတဲ့ဆောင်ရွက်မှုဘာ တစ်ခုမှ မရှိဘူး။ ကုမ္ပဏီကလည်း ဒီနေ့အချိန်ထိ ထွက်မသွားသေးဘူး။ ကျွန်တော်တို့ကတော့ ထွက်သွားတဲ့အထိ လှုပ်ရှားသွားမယ်။ တရားဝင်လာလည်း အလုပ်မခံနိုင်ဘူး။ တရားမ၀င်လာ လုပ်လည်း လုံးဝလက်မခံဘူး” ဟု ယက္ကန်းစင်တောင် ကျေးရွာမှ ဦးဝင်းထွေး က ပြောသည်။

ကုမ္ပဏီများ ထွက်ခွာသွားရန်နှင့် ဆက်လက်တူးဖော်ခြင်းများ မပြုလုပ်ရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုကို ဒီဇင်ဘာ ၂၀ ရက်တွင် ဒေသခံ ၅၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့သို့ တိုင်ကြားစာများ ပို့ခဲ့ကြောင်း သိရသည်။

“ဘုန်းကြီးတို့ကတော့ ဒီဒေသကိုလာပြီး မလုပ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာသနာ့နယ်မြေဖြစ် နေလို့ပဲ။ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေထိုင်တဲ့ ဒေသကိုတော့ မဖျက်ဆီးစေချင်ဘူး။ ဗုဒ္ဓဘာသာအစိုးရ အနေနဲ့ နားလည်သင့်တယ်။ ယက္ကန်းစင်တောင် ဆို တာ မြန်မာတင်မကဘူး။ ကမ္ဘာက အသိအမှတ်ပြုတဲ့ နေရာပါ။ ဘုန်းကြီးတို့ ဒေသခံတွေက ဘာနိုင်ငံရေးမှ မလုပ်ဘူး။ ဘာမှ နားမလည်ဘူး။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့တွေကိုရော၊ ကုမ္ဗဏီတွေကိုရော ဘုန်းကြီးအနေနဲ့ထွက်ခွာပေးဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ယက္ကန်းစင်တောင် ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

အဆိုပါကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှ စတင်ဝင်ရောက် တူးဖော်စဉ်ကပင် ဆရာတော်ကြီးများနှင့် ဒေသခံများမှ သွားရောက်တွေ့ဆုံတားမြစ်မှုများ လုပ်ခဲ့ကြောင်း၊ တိုင်းအစိုးရအဖွဲ့ သတ္တုတွင်းဝန် ကြီးဌာနသို့ နိုဝင်ဘာ ၂၁ ရက်တွင် ပထမ အကြိမ်တိုင်ကြားစာပို့ခဲ့ကြောင်း သို့ရာတွင် ဆက်လက်လုပ် ကိုင်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးကလည်း ကုမ္ပဏီများကို ကျောက်ထုတ်လုပ်မှု ရပ်နားခိုင်းထားသည်ဟု ဆိုသည်။ ခိုင်မာတိုးကျောက်တူးဖော်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း လုပ်ငန်းများ လောလောဆယ်တွင် ရပ်နားထားသည်ဟု ဆိုသည်။

အဆိုပါဒေသတွင် လာရောက်တူးဖော်နေသောကုမ္ပဏီများမှာ ခိုင်မာတိုး၊ ဦးတော်တော်၊ ရာဇာမင်းမင်း တို့ဖြစ်ပြီး ယက္ကန်းစင်တောင်အနီးတွင် ခိုင်မာတိုးကုမ္ပဏီမှ တူးဖော်နေခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံများက ကုမ္ပဏီများ ဆက်လက် တူးဖော်နေပါက ကန့်ကွက်တားဆီးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟု ဆိုသည်။

အဆိုပါတောင်ကြောကို မှီခိုနေထိုင် စားသောက်ကြသော ရွှေဂုဏ်တိုင်၊ ညောင်ပင်ရွာ၊ ရွှေဒုံး၊ ငှက်စာနှင့် ကျောက်ပတ္တမြား ကျေးရွာများ ရှိ ဒေသခံများသည် ၀ါးခုတ် မျှစ်ချိုးလုပ်ငန်းနှင့် စိုက်ပျိုးရေးသာ လုပ်ကိုင်စားသောက်ကြသည်။

ကုမ္ပဏီများမှ တောင်ကြောများကို ၀န်းခြံခတ်၍ ကန့်သတ်နယ်မြေများ ပြုလုပ်ထားသောကြောင့် ဒေသခံများမှာ ဖြတ်သန်းသွားလာရန် ခက်ခဲပြီး စားကျက်မြေများ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

No comments: