Wednesday, December 31, 2014

သစ်ဖမ်းဆီးမှုကြောင့် သစ်တောဝန်ထမ်းလေးဦး ပစ်သတ်ခံရမှု လက်နက်ကိုင် အဖွဲ့အစည်းပါဝင်ဟု အစိုးရပြော

မောင်သင်တုန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် တရားမဝင် ဖမ်းဆီးရရှိမိသည့် ပိတောက်သားသစ်လုံး တစ်ထောင်ကျော်အား သယ်ယူရန်အတွက် သွားရောက်သည့် သစ်တောဝန်ထမ်းလေးဦးအား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပစ်သတ်ခဲ့သည်ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကားပေါ်ကနေ ဆွဲချပြီးတော့ မသေမချင်း ပစ်သတ်တဲ့ သဘောရှိတယ်။ လူမဆန်စွာ ရက်ရက်စက်စက်နဲ့ သွေးအေးအေးနဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးဇော်မင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဌာနတွင် ပြုလုပ်သည့်ပွဲတွင် ပြောသည်။

ရှမ်းပြည်နယ် လင်းခေးမြို့နယ်ရှိ ဝမ်လောင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၆ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ လုံခြုံရေး အကူအညီဖြင့် သွားရောက်စစ်ဆေးရာ ကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့ဘတ်များတွင် စုစုပေါင်း သစ်လုံးတစ်ထောင်ကျော် ခန့်မှန်းတန်ချိန် ၂၀၄ တန်ကို ဖမ်းဆီးမိခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက်တွင် အဆိုပါသစ်လုံးများကို သယ်ယူရန်အတွက် သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှုအပြီး အပြန် ဝမ်လောင်ကျေးရွာမှာ ညနေခင်း ၆ နာရီ ဝန်းကျင် ပြန်လည်ထွက်ခွာပြီး လမ်းတွင် ပျောက်ကျားဝတ်စုံဖြင့် လက်နက်ကိုင်ငါးဦးက ပစ်ခက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေ့သည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး အဖွဲ့အမည်ကို တိတိကျကျ ပြောဆိုင်နိုင်ခြင်းမရှိဘူးဟု ဦးဇော်မင်းဦးက ပြောသည်။

ကားပေါ်တွင် ဝန်ထမ်းငါးဦးလိုက်ပါလာပြီး နှစ်ဦးမှာ ပစ်ခက်ချိန်တွင် ခုန်ဆင်းကာ ထွက်ပြေးခဲ့သည့်အတွက် လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင် ကျန်ရှိသည့် သုံးဦး၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဆိုင်ကယ်ဖြင့် လိုက်ပါလာသူ တစ်ဦးမှာလည်း ပစ်သတ်ခံခဲ့ရသည်။

ပစ်သတ်ခံရသူများသည် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး၊ ဦးစီးအရာရှိတစ်ဦးနှင့် တောခေါင်းနှစ်ဦး ဖြစ်ပြီး သစ်တောဦးစီးဌာနအနေဖြင့် ပထမဆုံးအကြိမ် အဆိုးရွာဆုံး ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိမိသားစုများ၏ ဇနီနှင့်သားသမီးများကို ဆုံးခန်းတိုင် ပညာသင်စရိတ်နှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေး မည်ဟု ဆိုသည်။

No comments: