Wednesday, December 31, 2014

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း အခွန်ပမာဏ ကျပ် ဘီလီယံ ၂,၂၀၀ ကျော်အထိ ကောက်ခံရရှိထား

သီဟကိုကို

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ တတိယပတ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခွန်ကောက်ခံ ရရှိမှု စုစုပေါင်း ကျပ် ၂,၂၈၇ ဒသမ ၁၃၂ ဘီလီယံကို ကောက်ခံရရှိပြီးဖြစ်သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံး၌ အခွန်ကောက်ခံရရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံး ကောက်ခံရရှိခြင်းဖြစ်ပြီး ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး၊ နိုင်ငံပိုင်လုပ်ငန်းများ၊ ကျန်တိုင်းဒေသကြီးပြည်နယ်များမှ အသီးသီးကောက် ခံရရှိမှုများလည်း ပါဝင်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အခွန်စုစုပေါင်း ရရှိရန် ကျပ် ဘီလီယံ ၄,၀၀၀ လျာထားပြီး ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ အခွန်စုစုပေါင်း ကျပ် ၂,၂၀၀ ဘီလီယံကျော်ကို ကောက်ခံရရှိပြီးဖြစ်ရာ လျာထားချက်၏ ထက်ဝက်ကျော် ရရှိခဲ့ပြီး ဖြစ်သည်။

ယခင်ဘဏ္ဍာနှစ်များထက် ယခုဘဏ္ဍာနှစ်အတွင်း အခွန်ထမ်းဆောင်ရန် ပညာပေးစည်းရုံးမှုများ၊ အခွန် စည်းကြပ်မှုများကြောင့် အခွန်ထမ်းဦးရေ တိုးတက်လာမည်ဖြစ်ခြင်းကြောင့် ယခင် ဘဏ္ဍာနှစ်များထက် အခွန်ပမာဏ ပိုမိုရရှိလာဖွယ်ရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ၊ အဆောက်အအုံ ငှားရမ်းခြင်း ဖြင့် ၀င်ငွေ ရရှိသူများကို အခွန်ထမ်းဆောင်ရန် အခွန် ပညာပေးလုပ်ငန်းများကို ကွင်းဆင်းစိစစ်ဆောင် ရွက်ခဲ့ပြီး အခွန်ရရှိမှုနည်းပါးသည့် အိမ်ခြံမြေကဏ္ဍအပေါ် အခွန်စည်းကြပ်မှု များ တင်းကျပ်ခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ စားသောက်ဆိုင်လုပ်ငန်းများတွင် စားသုံးသူက ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း (စားသောက်ခွန်)ကို အခွန် ပြေစာတံဆိပ်ကပ်စနစ်ကို စတင်ကျင့်သုံး ၍ အခွန်စည်းကြပ်ရန် ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းပမာဏကြီးမားသည့် လုပ်ငန်း အမျိုးအစားများကိုလည်း ရွေးချယ်ထားပြီး ရွေးချယ်ခံ လုပ်ငန်းရှင် ကြီးများသည် မိမိကိုယ်တိုင် အခွန်တွက်ချက်ပေးဆောင်သည့် စနစ် SAS ဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ အခွန်ထမ်းရမည် ဖြစ်သည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အခွန် စုစုပေါင်း ကျပ် ဘီလီယံ ၂,၇၀၀ ကျော် ကောက်ခံရရှိခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန်စုစုပေါင်ကျပ် ဘီလီယံ ၃,၅၀၀ ကျော်အထိ ကောက်ခံရရှိခဲ့သည်ဟု ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူအဖြစ် ကမ္ဘောဇဘဏ်လုပ်ငန်းက ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် ရရှိထားသည်ဟု အခွန်ဌာနမှ ထုတ်ပြန်ထားသည်။

No comments: