Tuesday, December 30, 2014

ကိုယ်ကျိုးရှာသူ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

စည်သူမောင်မောင်၊ အေးမြင့်စန်း

ပြည်သူကို အကျိုးပြုရန် ရည်ရွယ်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ထူထောင်ခြင်းဖြစ်၍ ချမ်းသာ ကြွယ်ဝလိုသူများ၊ ကိုယ်ကျိုးရှာလိုသူများ အတွက် နေရာမရှိဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။

''အဖွဲချုပ်ကို ထူထောင်တာ ပြည်သူကိုအကျိုးပြုဖို့ ထူထောင်တာ။ ကိုယ်ကျိုးရှာဖို့ ထူထောင်တာမတ်ဘူး။ ကိုယ်ကျိုးရှာချင်ရင် ကိုယ့် ချမ်းသာကြွယ်ဝမှု၊ ကိုယ်ကျိုးရှာချင်ရင် ကျွန်မတို့ အဖွဲ့ထဲကို မဝင်တာပဲကောင်းပါတယ်” ဟု ဒီဇင်ဘာ ၂၈ ရက်တွင် ၎င်းကပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ စင်္ကြာသီဟ စင်္ကြာနန္ဒာအားကစားကွင်းအတွင်း ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်နှင့် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၆နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူနှင့်ပါတီဝင်တို့ကို ပြောခြင်းဖြစ်သည်။ သို့သော် မည်သို့သော အကြောင်းများကြောင့် ယင်းသို့ပြောသည်ကိုမူ ဒေါ်အောင်ဆန်းစုကြည်က တိကျစွာထည့်သွင်း ပြောဆိုခြင်းမရှိပေ။

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က''ကိုယ့်မှာ ဘာတာဝန်တွေ ရှိတယ်ဆိုတာကို ပထမစဉ်းစားပါ။ ကိုယ့်ရဲ့အားနည်းချက်ဆိုတာလဲ ပထမစဉ်းစားပါ။ တစ်ခြားလူတွေကို လက်ညှိုးထိုးဖို့ ပထမမစဉ်းစားပါနဲ့။ သူများမှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဆက်သွားရင် ဘယ်တော့မှ ပြသာနာတွေကို ဖြေရှင်းလို့ရမှာမဟုတ်ဘူး" ဟုလည်း ပြောသည်။

ထို့ပြင် သူမ၏ဖခင် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင် ဒေါ်ခင်ကြည်တို့ ကဲ့သို့ နိုင်ငံသားတာဝန် ကျေပွန်သူ များဖြစ်ရေး ကြိုးပမ်းကြရန်လည်း ပြည်သူတို့ကို တိုက်တွန်းသည်။

''ရာထူးဂုဏ်၊ ပစ္စည်းဂုဏ်ဆိုတာ အတိုင်းအတာ တစ်ခုထိပဲဖြစ်ပါတယ်။ အများကလေးစားရတယ်ဆိုတာ အများက တန်းဖိုးထားရတဲ့ လူတစ်ယောက်အတွက် အမြင့်မားဆုံးဂုဏ်ဖြစ်တယ်"ဟု ၎င်းက ပြောသည်။

တိုင်းပြည်ဖွံ့ဖြိုးရန်မှာ ပြည်သူတို့၏ တာဝန်ကျေမှုပေါ်တည်သည်ဖြစ်၍ ကိုယ်စီကိုယ်စီ အရည်အချင်းမြှင့်တင်ရန်၊ ယုံကြည်မှုရှိရန်၊ သဘောထားကြီးရန်၊ စည်းလုံး ညီညွတ်ကြရန်လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီဇင်ဘာ ၂၈ ရက် ဧရာဝတီတိုင်း ခရီးစဉ်အတွင်း အိမ်မဲမြို့ကိုလည်း သွားရောက်၍ ကမ်းနားလမ်းရှိ ပွင့်သစ်ဦးစားသောက်ဆိုင် အပေါ်ထပ်မှနေကာ ပြည်သူများကို ဟောပြောခဲ့သည်။

No comments: