Wednesday, December 31, 2014

၂၀၁၅ အတွက်၊ စည်ပင်ရွေးကောက်ပွဲနဲ့ ပြည်သူ့အားကို၊ စမ်းလိုက်လေသလား

Mizzima

နှစ်ပေါင်း ၆၀ ကျော်မှ ပထမဆုံး အကြိမ်အဖြစ် ဒီဇင်ဘာ ၂၇ ရက်ကပြန်လည်ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်များ စာရင်းကို ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၂၉၃ ဦးက ဗဟိုကော်မတီဝင် လေးနေရာ၊ ခရိုင်ကော်မတီဝင် ၁၂ နေရာ၊ မြို့နယ်ကော်မတီ ဝင် ၉၉ နေရာ၊ စုစုပေါင်း ၁၁၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပွင့်လင်းမြင်သာသော ပြုပြင်ပြောင်းလဲ ရေးတစ်ရပ်ဟုဆိုကာ ကျင်းပလိုက်သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲပြီးဆုံးသွားသော်လည်း ဝေဖန်မှုများစွာ ရှိခဲ့ပါသည်။ ရွေး ကောက်ပွဲသတင်းထုတ်ပြန်မှု အားနည်းခြင်း၊ မဲစာရင်းတွင် မပါဝင်သဖြင့် မဲပေးခွင့် မရရှိကြခြင်း၊ မဲပေးရ မည့်ပုံစံ ရှုပ်ထွေးခြင်းတို့ကို ရန်ကုန်နေပြည်သူများက ဝေဖန်ခဲ့ကြပြီး ကိုယ်စားလှယ်လောင်း အချို့ကမူ ရွေးကောက်ပွဲ နည်းဥပဒေ သတ်မှတ်ချက် များ၊ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ တရားမျှတမှုမရှိခြင်း၊ အုပ်ချုပ်ရေးပုဂ္ဂိုလ်များ၏ ဘက်လိုက်မှုများကို ဝေဖန်ခဲ့ကြသည်။ နိုင်ငံရေးပါတီများနှင့် လေ့လာစောင့်ကြည့်သူ အချို့ကမူ စည်ပင်ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများသည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်သတိထားရမည့် အချက်များဖြစ်သည်ဟု သုံးသပ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲမှာရော ဒီလိုဖြစ်လာမလားရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲသည် ကျယ်ပြန့်မှု အတိုင်းအတာမတူညီပေ။ သို့သော် မဲပေးရွေးကောက်သည့်စနစ်နှင့် အကျွမ်းတ၀င်ရှိသည့် ရန်ကုန်မြို့နေလူထုက ယခုရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းခဲ့ခြင်း သည် အထင်အရှား ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းက “စည်ပင်သာယာရွေးကောက်ပွဲက လူထု စိတ်ဝင်စားမှု နည်းခဲ့တယ်။ လူထုကို အသိပေးမှုနည်းတဲ့အတွက် ဖြစ်တယ်။ ရွေးကောက်ပွဲအတွက် အဓိကတာဝန်ရှိတဲ့ စည်ပင်က လူထုဆီကိုအသိ ပညာပေး တာ နည်းတာပေါ့နော်။ ဒါပေမဲ့ ၂၀၁၅ မှာတော့ ဒီလိုသိပ်မဖြစ်နိုင်ဘူး၊ ပုံစံချင်းမတူဘူးလေ။ ဘာလို့လဲဆို ရင်ပါတီတွေကလည်း အပြိုင်အဆိုင် စည်းရုံးရေးတွေဆင်းကြမှာ”ဟု သူ့အမြင်ကို ပြောသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်မှ ဗဟို ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဝင်းချိုက “ဒီရွေး ကောက်ပွဲက ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲအတွက် အကြိုသွေးပူအောင် လုပ်တာလို့ မြင်ပါတယ်။ တာဝန် ရှိသူတွေဘက်က အားနည်းချက် တွေကို သိပြီး ပြင်မယ်ဆိုရင်တော့ ကောင်းပါတယ်။စည်ပင်ရွေးကောက် ပွဲမှာ အစကတည်းက အနိုင်မရနိုင်အောင် ဥပဒေတွေနဲ့ ပိတ်ဆို့ထားတာဖြစ်ပါတယ်။ အားနည်းချက်တွေ ရှိတယ်ဆိုတာကို သိရက်နဲ့ ကော်မရှင်ကရော တိုင်းဒေသကြီးလွှတ် တော်ကရော အစိုးရကရော မသိချင်ယောင်ဆောင်နေတာကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်” ဟု သုံးသပ်သည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အင်န်ဒီဒီ) ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကမူ “စောင့်ကြည့်ခဲ့တဲ့ ကိုယ် စားလှယ်လောင်းတွေရဲ့ မှတ်တမ်းတင်မှုတွေအရ မဲထည့်ရမယ့်ရက်မှာ မဲဆွယ်မှုတွေမလုပ်ရတော့ဘူး ဆိုပေမယ့် အဲဒီနေ့မှာ ဗီနိုင်းကပ်တာတွေ၊ အသံချဲ့စက် ဖွင့်တာတွေ ပြီးတော့ ဘယ်သူကိုဖြင့် မဲပေးပါလို့ ပြောတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင်တော့ ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိပါဘူးလို့ပဲ ပြောရမယ်” ဟု သုံးသပ်ထားသည်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံနဲ့ မဲပေးနိုင်သူစာရင်း ကောက်မှာလဲစည်ပင်ရွေးကောက်ပွဲ ဥပဒေအရ လူတိုင်းမဲထည့်ခွင့်မရှိဘဲ တစ်အိမ်ထောင်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်ယောက်သာ မဲပေးခွင့်ရှိခဲ့ သည်။ ရွေးကောက်ပွဲရက် မတိုင်မီ တစ်လအလိုခန့်ကပင် မဲစာရင်းကို ကြိုတင်ပြုစုခဲ့သည်ဆိုသော်လည်း အများ ပြည်သူသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာရန် အားနည်းခဲ့သည်။

မဲစာရင်းတွင် နာမည်နှစ်ခါထပ်နေခြင်း၊ သေဆုံးသူ၊ နိုင်ငံခြားသို့ ခရီးထွက်နေသူများကို ထည့်သွင်းခြင်းများ ရှိခဲ့ပြီး မဲစာရင်းကို အချိန်မီထုတ်ပြန်မှုမရှိသောကြောင့် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများစွာရှိခဲ့ ကြောင်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြ သည့် ကိုယ်စားလှယ်များက ဝေဖန်သည်။ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများတွင်လည်း အလားတူ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသော်လည်း တာ ၀န်ရှိသူများက ယခုစည်ပင်ရွေးကောက် ပွဲကျင်းပချိန်အထိ ပြင်ဆင်မှုမပြုလုပ်ခဲ့ပေ။

မဲစာရင်းနှင့်ပတ်သက်၍ အမျိုးသားဒီမို ကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “မဲစာရင်းတွေက ကျေနပ်လောက်တဲ့ အနေအထား မရှိဘူး။ ကွယ်လွန်တဲ့ သူတွေပါလာတယ်။ မဲစာရင်းတွေ ထပ်နေတယ်။ ဒါတွေပြန်ကြားရတယ်။ လူထုစိတ်ဝင်စားမှု အားနည်းတယ်။ လူထုကြားကို စိတ်ဝင်စား အောင်မလုပ်ဘူး။ လူစိတ်မဝင်စားတော့ လုပ်ချင်ရာလုပ်လို့ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ၂၀၁၅ မှာတော့ ပါတီ ၆၀ ကျော်က မဲဆွယ်စည်းရုံးမှာ ဖြစ်တဲ့အတွက် လူထုဆီ သတင်းစီးဆင်းမှု ပိုမြန်မယ်။ လူထု စိတ်ဝင်စားမှုလည်း ပိုများမှာပါ” ဟု သုံးသပ်သည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူ သင်းကမူ “၂၀၁၅ မှာ ပါတီတွေအနေနဲ့ သတိထားရမှာက မဲစာရင်း တွေပြုစုတဲ့နေရာမှာပါ လွဲချော်မှုတွေ၊ မပြည့်စုံမှုတွေ ရှိနိုင်တယ်။ အခုမဲပေးမယ့်သူတွေက မဲရုံရောက်မှ ကိုယ့်နာမည် မပါတာကို သိရတယ်။ ၂၀၁၅ မှာတော့ ပါတီတွေအနေနဲ့ ဒါကို အရေးတကြီး သတိထားသင့် တဲ့အချက်တစ်ခု ဖြစ်တယ်” ဟု သုံးသပ်သည်။

မဲစာရင်းကောက်ယူမှု၊ ပြည်သူကို အသိပေးမှုအားနည်းချက်များကြောင့် ၀င်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းများသည် ပင်ပန်းခြင်း သာ အဖတ်တင်ခဲ့ကြောင်း စည်ပင်ရွေးကောက်ပွဲသို့ဝင်ရောက် ယှဉ် ပြိုင်ခဲ့သည့် အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ပြောသည်။

“၂၀၁၀ တုန်းကလည်း မဲပေးလို့မရတဲ့ ကိစ္စနဲ့ပဲ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတယ်။ အဲဒီတုန်းကတော့ ကြိုတင်မဲပြဿနာတွေ ရှိခဲ့တယ်။ ၂၀၁၄ ကျတော့ မဲစာရင်းကို ကြိုတင်မကြေညာတဲ့ ပြဿနာပါ။ ကြိုတင် မကြေညာ ထားတော့လူတွေက မသိ၊ မသိတော့ စိတ်မဝင်စားဘူး” ဟု ၎င်းက ဆိုသည်။

စည်ပင်ရွေးကောက်ပွဲ (သို့မဟုတ်) ၂၀၁၅ အကြို ခြေစမ်းပွဲစည်ပင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု စည်ပင် ဥပဒေတွင် ပြဋ္ဌာန်းခဲ့သည်။ မြို့တော်ဝန် ဦးလှမြင့်ကိုယ်တိုင် က မြို့တော်အကျိုးဆောင်ရွက်ရမည်ဖြစ်သောကြောင့် ပါတီနိုင်ငံရေး ကင်းရှင်းစေလိုသည်ဟု မီဒီယာများ ကို ရှင်းလင်းခဲ့သည်။ သို့သော် လက်တွေ့တွင် စည်ပင်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အချို့မှာ ပါတီများမှ ရှောင်တခင် နုတ်ထွက်ကာ ဝင်ရောက်ယှဉ် ပြိုင်ကြသည်ကို လေ့လာတွေ့ရှိရသည်။

မင်္ဂလာဒုံမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအောင်ကျော်ဦးက မင်္ဂလာဒုံမြို့နယ်တွင် ပြုလုပ်ခဲ့သော စည်ပင်ရွေးကောက်ပွဲ သည် ပြည်ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ အားပြိုင်မှုသာဖြစ်သည်ဟု ၀န်ခံထားသည်။

“ဒီပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အလုပ်အမှုဆောင်အဖြစ်ကရော၊ ပါတီဝင် အဖြစ်ကရော နုတ်ထွက်ခဲ့ တာဖြစ်ပါတယ်။ မင်္ဂလာဒုံမှာ ဆိုရင် NLD နဲ့ ကြံ့ခိုင်ရေး ပြိုင်တဲ့ပွဲလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာဒုံက မြို့နယ်အဆင့်ဝင်ပြိုင်တဲ့သူ သုံးဦးစလုံးဟာ ကြံ့ခိုင်ရေး ရပ်ကျေး ဥက္ကဋ္ဌလုပ်ဖူးတဲ့သူတွေ ပါ”ဟု ဦးအောင်ကျော်ဦးက ဆိုသည်။

စည်ပင်ရွေးကောက်ပွဲသည် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲအတွက် အစိုးရက ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အားစမ်းလိုက်ခြင်း သာ ဖြစ်နိုင်ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “၂၀၁၀ မှာ လုပ်တဲ့ပုံစံ နဲ့ ၂၀၁၄ မှာ လုပ်တဲ့ပုံစံ မတူဘူးပေါ့ဗျာ။ တူတာကတော့ ကျွန်တော်တို့ ခံလိုက်ရတာပါပဲ။ ၂၀၁၅ မှာတော့ ဘယ်လိုပုံစံနဲ့ခံလိုက် ရမယ်ဆိုတာတော့ ကြိုမသိနိုင်ဘူးပေါ့ဗျာ။ အစိုးရဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နစ်နာနေဦးမှာပဲ။ ၂၀၁၅ မှာတော့ ဘယ်လိုခံရဦးမလဲဆိုတာ အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ အခု ၀င်ပြီးယှဉ်ပြိုင်လိုက်တော့ ဘယ်လို လုပ်တတ်တယ်ဆိုတာ အကုန်သိသွားတယ်ဆိုတာ ကျွန်တော့် အတွက် အမြတ်ပါပဲ” ဟု ဆိုထားသည်။

No comments: