Wednesday, December 31, 2014

တရုတ်သံရုံးရှေ့တွင် ဆန္ဒပြသူများ ဖမ်းဆီးခံရ

မင်းမင်း၊ ကျော်စိုးမိုး

လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံးအနီး ဆန္ဒပြခဲ့သူများ အနက် ဆန္ဒပြခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် လူလေးဦးတို့ကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့နှင့် တိုင်းခရိုင်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးပြီး ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူကာ ထိန်းသိမ်းထားကြောင်း ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက မဇ္ဈိမကို ပြောသည်။

“အမှတ် (၂) လမ်းမကြီးမှာ ပိတ်ပြီးတော့ သူတို့ကို စခန်းကိုခေါ်သွားတာပါ” ဟု ဖမ်းဆီးခံရသည့် ဦးနေမျိုးဇင်နှင့် အဆက်အသွယ်ရခဲ့သော ဦးသန်းဆွေက ပြောသည်။

ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့သည် မုံရွာတစ်ဖက်ကမ်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သို့သွားရန် ကားဖြင့် ထွက်ခွာစဉ် နံနက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ညနေပိုင်းတွင် ဆန္ဒပြရာတွင် ပါဝင်သူ ကိုတင်ထွဋ်ပိုင်ကို ထပ်မံ ဖမ်းဆီးပြီး ဒဂုံမြို့မ ရဲစခန်း၌ပင် အထက်ဖော်ပြပါ ပုဒ်မများအတိုင်း အရေးယူနိုင်ရန် စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ညနေ ငါးနာရီခန့်တွင် မဇ္ဈိမ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

လက်ပံတောင်းတောင်အရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေါ်စိန်ထွေးကို စမ်းချောင်းမြို့နယ်တွင် ထပ်မံဖမ်းဆီးပြီးနောက် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှနှင့် ဒေါ်စိန်ထွေးတို့ သုံးဦးကို မွန်းလွဲ ၂ နာရီခန့်က ဒဂုံမြို့နယ်တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်ကပြောသည်။

လက်ပံတောင်းတောင်အရေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဦးနေမျိုးဇင်အပါအဝင်သုံးဦးကို ဒဂုံမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးသောင်းစိန်က တရားလိုပြုလုပ်၍ ဆဲဆိုမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ ရုန်းရင်ဆန်ခတ်ဖြစ်မှု၊ အားပေးကူညီမှု၊ အစုအဖွဲ့အလိုက် အားပေးရန် ဖြစ်စေမှုတို့အတွက် ပြစ်မှုပုဒ်မ ၂၉၄(ခ)/၃၅၃/၁၄၇/၅၀၆/၁၄၉/၅၀၅(ခ)/၁၁၄ ဖြင့် အမှုဖွင့်ပြီး မြို့နယ် တရားရုံးသို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးနေမျိုးဇင် အပါအဝင်သုံးဦးကို ဒဂုံမြို့နယ်တရားရုံးသို့ ရုံးထုတ်စစ်ဆေးချိန်တွင် ၎င်းတို့နှင့်လိုက်ပါလာသည့် အဖွဲ့ဝင်များကို တရားရုံး ဝင်းအတွင်းသို့ ဝင်ခွင့်မပေးခဲ့သဖြင့် ဒေါ်နော်အုန်းလှက တရားရုံးအတွင်းသို့ ဝင်ရောက်ခြင်းမပြုဘဲ ရုံးပြင်တွင် ထိုင်၍ဆန္ဒပြခဲ့ရာ တရားရုံး ဝန်းကျင်တွင် ဆယ်မိနစ် ခန့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီးမှ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တရားရုံးတံခါးဖွင့်ကာ ပြည်သူများကို ဝင်ခွင့်ပေးခဲ့သည်။

No comments: